တူရကီနိုင်ငံမှာ ငလျင်ဘေးသင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ကူညီ ဆောင်ရွက်ပေးပြီး နေရပ်ပြန်လာတဲ့ စင်ကာပူ ကယ်ဆယ်ရေး အဖွဲ့တွေကို ပြည်သူတွေနဲ့ မိသားစုတွေက သူရဲကောင်းတွေလို ကြိုဆိုခဲ့ကြပါတယ်။
စင်ကာပူ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (SCDF)ရဲ့ အရာရှိတွေဟာ ဖေဖော်ဝါရီ ၁၈ ရက် မနက်အစောပိုင်းမှာ ချန်ဂီလေဆိပ်ကို ပြန်လည် ရောက်ရှိလာကြပြီး နွေးနွေးထွေးထွေး ဂုဏ်ပြုကြိုဆို ခံခဲ့ရပါတယ်။ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ စင်ကာပူရောက် တူရကီ နိုင်ငံသားတွေနဲ့ ပြည်သူတချို့ဟာ Operation Lionheart အစီအစဉ်အပြီး နေရပ်ပြန်လာတဲ့ ၆၈ ဦးပါ အဖွဲ့ကို သူရဲကောင်းတွေလိုမျိုး လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။
စင်ကာပူ အပါဝင် ကမ္ဘာ့နိုင်ငံ တော်တော်များများဟာ ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇.၈ ငလျင်ကြီးကြောင့် ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ရာ တူရကီ နိုင်ငံဆီ ကယ်ဆယ်ရေး အဖွဲ့တွေ စေလွှတ် ကူညီခဲ့ကြပါတယ်။ အဲဒီငလျင်ကြီးကြောင့် တူရကီနဲ့ အိမ်နီးချင်း ဆီးရီးယားတို့မှာ လူပေါင်း ၄၁၀၀၀ ကျော် သေဆုံးခဲ့ပြီး ရာစုနှစ် တစ်ခုစာ ကာလအတွင်း အသေအပျောက် အများဆုံး ငလျင်ကြီးတွေထဲက တစ်ခု ဖြစ်လာပါတယ်။
အခုအခါမှာတော့ SCDF အပါအဝင် နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေဟာ တူရကီ ငလျင်ဘေးသင့် နယ်မြေတွေကနေ ပြန်လည် ထွက်ခွာပြီး လုပ်ငန်းတွေ သိမ်းနေကြပြီ ဖြစ်ပါတယ်။ SCDFဟာ ဖေဖော်ဝါရီ ၈ ရက်မှာ တူရကီကို စတင်ရောက်ရှိပြီး ၁၀ ရက်ကြာ ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ကြပါတယ်။ ပထမဆုံး ရှေ့ပြေးအဖွဲ့က ဖေဖော်ဝါရီ ၈ ရက်မှာ ရောက်ရှိပြီး နောက်တစ်ဖွဲ့က ၂ ရက်အကြာမှာ လိုက်သွားခဲ့တာပါ။
SCDFဟာ ၁၂ နှစ်သား လူငယ်လေး တစ်ဦးကို သုံးထပ်တိုက်ကြီးတစ်လုံး ပြိုကျနေတဲ့ အပျက်အစီးတွေအောက်က ဆွဲထုတ်တာ အပါအဝင် အောင်မြင်တဲ့ ကယ်ဆယ်ရေး လုပ်ငန်းနှစ်ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
သူတို့အဖွဲ့ ပြန်လာချိန်မှာ စင်ကာပူရဲ့ ဥပဒေနဲ့ ပြည်ထဲရေးဝန်ကြီး ကေရှန်မူဂမ်၊ ပြည်ထဲရေးနဲ့ အမျိုးသား ဖွံ့ဖြိုးရေးဝန်ကြီး ဖိုင်ရှဲလ်အီဘရာဟင်မ်နဲ့ စင်ကာပူ နိုင်ငံဆိုင်ရာ တူရကီ သံအမတ်ကြီး မာမက် ဘူအာဆင် ဂိုနန်လီတို့ကပါ ကြိုဆို တွေ့ဆုံခဲ့ကြပါတယ်။
သတင်းထောက်တွေက SCDFအနေနဲ့ တူရကီကို နောက်တစ်ကြိမ် ပြန်သွားဖို့ လိုဦးမလားလို့ မေးတဲ့အခါ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က Operation Lionheartဟာ ကမ္ဘာပေါ်က၊ အထူးသဖြင့် အာရှ-ပစိတ်ဖိတ် ဒေသတွင်းက ဘယ်နေရာမှာမဆို သဘာဝ ကပ်ဘေးတွေ ကြုံလာလို့ သူတို့ကို လိုအပ်လာတာနဲ့ အမြန်ဆုံး သွားရောက်နိုင်ဖို့ အမြဲတမ်း နိုးကြား အသင့်ရှိနေမယ်လို့ ဖြေကြားသွားပါတယ်။
SCDFရဲ့ နိုင်ငံတကာ ကူညီရေး အဖွဲ့လို့ ဆိုနိုင်တဲ့ Operation Lionheartကို အဖွဲ့ဝင် ၇၉ ဦးနဲ့ ဖွဲ့စည်းထားပြီး ၁၉၉၀ ပြည့်နှစ်ကစလို့ နိုင်ငံတကာ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေး မစ်ရှင်ပေါင်း ၂၀ မှာ ပါဝင် ကူညီပေးခဲ့ပြီး ဖြစ်ပါတယ်။