အာဆင်နယ် ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို ကန်ကျောက်ခဲ့တဲ့ တော့တင်ဟမ် ဟော့စပါး ပရိသတ် တစ်ဦးဟာ ဘောလုံးပွဲတွေ ကြည့်ရှုခွင့် ၄ နှစ်ကြာ ပိတ်ပင်ခံလိုက်ရပါတယ်။
ဇန်နဝါရီလက အာဆင်နယ် အသင်းဟာ တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ အိမ်ကွင်းမှာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ လန်ဒန်မြောက်ပိုင်းက မြို့ခံပြိုင်ဘက် နှစ်သင်းရဲ့ ပွဲစဉ် အပြီးမှာ အင်္ဂလန် ဂိုးသမား ရမ်းစ်ဒေးလ်ဟာ ပွဲအပြီးမှာ ဘောလုံးကွင်းရဲ့ နောက်ဖက် ကြော်ငြာ ဆိုင်းဘုတ်တွေနား ရောက်နေတုန်း အသက် ၃၅ နှစ်အရွယ် ဂျိုးဆက်ဝတ်စ်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာပါ။
ကြော်ငြာဘုတ် တစ်ခုအပေါ် နင်းထားတဲ့အချိန် ရမ်းစ်ဒေးလ်ကို ဝတ်စ်က လှမ်းကန်လိုက်တာဖြစ်ပြီး ထိချက်တော့ အရမ်းမပြင်းခဲ့ပါဘူး။ တော့တင်ဟမ် ပရိသတ်ဟာ အဲဒီလုပ်ရပ် အပြီးမှာ ပွဲကြည့်စင်ပေါ် ပြန်တက်ပြေးသွားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ လန်ဒန် အရှေ့ပိုင်းမှာရှိတဲ့ အက်စ်ဘရစ်ဂျ် ခရိုင်တရားရုံးက ဝတ်စ်ရဲ့ ကျူးလွန်မှုကို စစ်ဆေးခဲ့ပြီး သူကလည်း အမှားကျူးလွန်မိကြောင်း ဝန်ခံခဲ့ပါတယ်။ ဒီအတွက် ဝတ်စ်ဟာ ရမ်းစ်ဒေးလ်ကို နစ်နာကြေး စတာလင်ပေါင် ၁၀၀ ပေးဆောင်ဖို့နဲ့ ဘောလုံးကွင်းတွေနားကို ၄ နှစ်ကြာ လာခွင့်မပြုဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဝတ်စ်ဟာ ပွဲစဉ် ယှဉ်ပြိုင်ကစားနေချိန် ကွင်းထဲကို ဒင်္ဂါးပြား လေးစေ့နဲ့ ပစ်ပေါက်ခဲ့သေးတယ် ဆိုတာကိုလည်း ဝန်ခံခဲ့ပါတယ်။ တရားလို ထွက်ဆိုချက်မှာတော့ ရမ်းစ်ဒေးလ်က သူ့နောက်ကျောကို တစ်ခုခု ဆောင့်မိတာကို သိလိုက်ပေမယ့် အရေပြားပေါ်မှာ အနာတရ ဖြစ်ကျန်တာမျိုးတော့ မရှိခဲ့ဘူးလို့ ပြောကြားသွားပါတယ်။
ကွင်းထဲမှာ တစ်ယောက်ယောက်က လာကန်တာမျိုး ဘယ်တုန်းကမှ မကြုံခဲ့ဖူးကြောင်း၊ သူ့အနေနဲ့ ကိုယ့်ရဲ့ ပရော်ဖက်ရှင် အလုပ်ကို လုပ်နေတဲ့အချိန် ဒီလို ရန်လို တိုက်ခိုက်တာမျိုး ခံရတယ် ဆိုတာကိုလည်း လက်မခံနိုင်ကြောင်း ရမ်းစ်ဒေးလ်က ဆိုပါတယ်။
ဝတ်စ်ဟာ ထောင်ဒဏ်ကို ရှောင်လွှဲနိုင်ခဲ့ပေမယ့် ၁၂ လတာအတွင်း လူ့အဖွဲ့အစည်း အကျိုးပြု လုပ်ငန်းတွေမှာ လုပ်ခလစာ လျှော့ယူပြီး နာရီပေါင်း ၁၀၀ လုပ်အားပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် ၄ နှစ်တာအတွင်း ဘယ်ဘောလုံးပွဲတွေကိုမှ လူကိုယ်တိုင် သွားရောက်အားပေး ကြည့်ရှုခွင့် မရတော့ပါဘူး။
အဲဒီတိုက်ခိုက်မှုအပြီး မကြာခင်မှာ ကတည်းက တော့တင်ဟမ် အသင်းကလည်း ကျူးလွန်သူ ပရိသတ်ကို ကွင်းဝင်ခွင့် ပိတ်ပင်မယ်လို့ ထုတ်ပြန် ကြေညာထားပြီး ဖြစ်ပါတယ်။