ယောဒေသ ကျောက်ထုတိုက်နယ်မှာ မြို့နယ်ပြင်ပကို ဆန်စပါးရောင်းခွင့် ပိတ်ပင်

ယောဒေသ၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်မှာ ဆန်၊ စပါး၊ ဖွဲဲနဲ့ ဆန်ကွဲတွေ မြို့နယ်ပြင်ပကို ရောင်းချခွင့် ရပ်ဆိုင်းမယ်လို့ ကျောက်ထုတိုက်နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဆန်၊ စပါး၊ ဖွဲ့နဲ့ ဆန်ကွဲကို မြို့နယ်ပြင်ပရောင်းချခွင့်ကို ရပ်ဆိုင်းဖို့ ဖေဖော်ဝါရီ ၁၀ ရက်မှာကျင်းပခဲ့တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာဆုံးဖြတ်ခဲ့တာဖြစ်ပြီး လာမယ့်မတ်လ ၁ ရက်ကစလို့ရောင်း ချခွင့်ပိတ်ပင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“သီးနှံစိုက်ပျိုးမှု နောက်ထပ်လုပ်နိုင်၊ မလုပ်နိုင်ဆိုတာက စစ်ရေးအရမသေချာဘူး၊ ပြည်သူတွေရဲ့ ရိက္ခာအတွက်ပိတ်တာပါ၊ နောက်ထပ်စပါးသီးနှံစိုက်ပျိုးလို့ရပြီး သီးနှံပေါ်တဲ့အထိဖြစ်မယ်” လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာကြည်စိုးထွန်းက DNA ကိုပြောပါတယ်။

ကျောက်ထုတိုက်နယ်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုတွေကြောင့် ကျေးရွာခြောက်ရွာက ဒေသခံတထောင့်လေးရာဝန်းကျင်ဟာ စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။

” စစ်ကြောင်းတွေကလာတော့ သီးနှံတွေကို မီးရှို့ဖျက်ဆီးခံရမှာစိုးပြီး တအားရောင်းကြတာဗျ၊ ခုနွေစပါးစိုက်ဖို့တော့ပြင်နေကြတယ်၊ စိုက်မယ်ဆိုပေမယ့် အခြေအနေက ဘယ်လိုလာမယ်မ သိနိုင်ဘူးလေ၊ သူတို့တားတာ ဟုတ်တော့ဟုတ်ပါတယ်” လို့ ကျောက်ထု ဒေသခံတောင်သူတဦးက ပြောပါတယ်။

စစ်ဘေးရှောင်ငါးထောင်ဝန်းကျင်ရှိတဲ့ ယောဒသ ဂန့်ဂေါမြို့နယ်မှာတော့ မြို့နယ်ပြင်ပ ဆန်ရောင်းချခွင့်ကို ပိတ်ပင်ထားတာ တနှစ်နီးပါးရှိပြီဖြစ်ပါတယ်။

” ဂန့်ဂေါမြို့ကို ဆန်သယ်မယ်ဆို ငါးတင်းသယ်ခွင့်ပေးတယ်၊ ဒါထက်ပိုရင်တော့ တကယ်ဖမ်းတယ်” လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း တော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့မိုးရာသီမှာ မိုးရေအလုံအလောက်မရတဲ့အတွက် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ကမ်းကျေးရွာတွေဟာ စပါးမစိုက်နိုင်ပဲ ဝယ်ယူစားယောက်ကြရတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

​ယောဒေသမှာ ဆန်ရောင်းချခွင့်ပိတ်ပင်ရတာဟာ စစ်ရေးအခြေအနေတွေကြောင့် ရိက္ခာပြတ်လပ်မှုမဖြစ်ပေါ်အောင် ဆောင်ရွက်ကြရတာဖြစ်တယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

Photo – Saw PDF 
ပုံစာ – ယောဒေသ၊ ဆောနယ်မှာ ဒေသခံတောင်သူတွေရဲ့ လယ်ယာလုပ်ငန်း ကူညီပေးနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ