ရန်ကုန်မှာအချိန်အခါမဟုတ် မိုးသည်းပြီး မိုးသီးကြွေလို့ လုပ်ငန်းတချို့နဲ့ ဈေးဆိုင်ခန်းတွေ ယာယီပိတ်သိမ်းလိုက်ရ

 

ရန်ကုန်တိုင်းဒေသကြီးမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ရက် မွန်းလွဲပိုင်းမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေရှိခဲ့တဲ့အပြင် တချို့မြို့နယ်တွေပါ မိုးသီးပါကြွေကျမှုတွေရှိတယ်လို့ ရန်ကုန်မြို့ခံတွေက DNAကိုပြောကြပါတယ်။

အခုလို မိုးသီး​တွေကြွေတာအပြင် မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတချို့နဲ့ မြေအောက်ရေပိုက်လိုင်းတူးလုပ်ငန်းတွေအပြင် ပျံကျစျေးဆိုင်တချို့လည်း ယာယီပိတ်သိမ်းခဲ့ရတယ်လို့ ဆောက်လုပ်ရေးလုငန်း လုပ်ကိုင်နေသူတဦးက ပြောပါတယ်။

“မိုးသီးတွေလည်းကြွေတယ်၊ မိုးလည်းရွာတယ်၊ လေပြင်းတွေလည်းတိုက်လို့ ဒီမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်တွေလည်း ရပ်ထားရတယ်။ မိုးလုံးကြီးတဲ့ပုံစံမျိုးပါပဲ။ အဲ့လိုရွာပြီးတော့ လေတိုက်တာပိုဆိုးတယ်”လို့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတဦးက ပြောပါတယ်။

အချိန်အခါမဟုတ် မိုးရွာသွန်းနေတာကြောင့် မြေအောက်ရေပိုက်လိုင်းတူးတဲ့ လုပ်ငန်အချို့ကိုလည်း ယာယီရပ်ထားလိုက်ရတယ်လို့ မြေအောက်ရေပိုက်လိုင်းတူးတဲ့ လုပ်ငန်းလုပ်ဆောင်နေသူတဦးကလည်း ပြောပါတယ်။

“မိုးအရမ်းရွာတော့ တူးပြီးသားနေရာတွေမှာ ရေကတောက်လျှောက်ဝင်နေလို့ ဆက်တူးလို့မရတော့ဘူး။ အဲ့ဒါကြောင့်ခဏရပ်ထားလိုက်တာ”လို့ မြေအောက်ရေပိုက်လိုင်းတူးတဲ့ လုပ်ငန်းလုပ်ဆောင်နေသူတဦးက ပြောပါတယ်။

မိုးစတင်ရွာသွန်းချိန်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ဗိုလ်တထောင်မြို့နယ်၊တာမွေနဲ့သင်္ဃန်းကျွန်းမြို့နယ်၊တောင်ဒဂုံမြို့နယ်တွေမှာတော့ မိုးသီးကြွေကျမှုအနဲငယ်ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရန်ကုန်မြို့တွင်းက ပျံကျစျေးရောင်းချသူတချို့လည်း စျေးဆိုင်ခေတ္တပိတ်ထားရတယ်လို့ သိရပါတယ်။

Photo – CJ