စစ်ကိုင်းတိုင်း၊ထီးချိုင့်နဲ့ကသာနယ်က တိုက်ပွဲတွေမှာ အထိနာပြီး ပြန်လာတဲ့ စစ်အုပ်စုယာဉ်တန်းကို မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေ ထပ်ရှိခဲ့တယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တကောင်းက ထုတ်ပြန်ပါတယ်။
အင်အား ၁၀၀ လောက်လိုက်ပါလာတဲ့ စစ်တပ်ကား ၃ စီးကို သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ် ပေါ် တော်မူကျေးရွာအနီးမှာ ရှေ့ထွက်မိုင်း ၃ လုံး ပဒေသာမိုင်း ၂ လုံး နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့က ဆိုပါတယ်။
“စကစဖက်က ထိခိုက်သေဆုံးမှုကိုတော့ မြေပြင်က ပြည်သူတွေ သတင်းပေးပို့မှုကို စုစည်း အတည်ပြုထားတာပါ၊ မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက ရမ်းသန်းပစ်ခတ်လို့ ရွာထဲကျတာတွေတော့ရှိနိုင်ပါတယ်၊ ထိခိုက်မှုကတော့ စုံစမ်းနေဆဲပါဗျ ” လို့ တကောင်း ပကဖ ကတာဝန်ရှိသူ တဦးက ပြောပါတယ်။
အဲဒီယာဥ်တန်းမှာလိုက်ပါလာသူတွေဟာ စစ်ကောင်စီတပ်မ (၈၈)က စစ်သားတွေဖြစ်ပြီး စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်နဲ့ ကသာ မြို့နယ်တွေအတွင်းရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေလုပ်ခဲ့သလို ကသာတပ်ရင်း ၃၊ နယ်မြေခံပကဖတွေနဲ့ တိုက်ပွဲဖြစ်ပြီး အထိနာခဲ့တဲ့ တပ်ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
စစ်အုပ်စုရဲ့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်မှုမှာ ကားသုံးစီးအနက် တစီးထိမှန်ပြီး ပျက်စီး သွား တာကြောင့် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နာရီဝက်လောက် အဲဒီနေရာမှာ ပစ်ခတ်မှုတွေ လုပ်ခဲ့သလို ထိခိုက်သွားတဲ့ စစ်ကောင်စီတပ ဖွဲ့ဝင်တွေကိုတော့ တကောင်းမြို့ပေါ်က လူနာတင်ကား တွေနဲ့ လာရောက်ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
မိုင်းဆွဲခံရမှုကြောင့် အထိနာတဲ့ စစ်အုပ်စုက တကောင်းလမ်းဆုံမှာ သွားလာနေတဲ့ ပြည်သူတွေကို ရိုက်နက် စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဆိုင်ကယ်နဲ့ သွားလာတဲ့လူတွေကို ဆင်းမတွန်းလို့ ဆိုပြီး ဆဲဆို ရိုက်နှက်တာတွေလုပ်တာပေါ့၊ အရင်တော့ပုံမှန်ပဲ သူတို့ခံလိုက်ရလို့ အခုလိုလုပ်တာပဲ နေမှာပါ ” လို့ သူက ပြောပါတယ်။
တကောင်း ပကဖအဖွဲ့က ဒီလ ၁၅ ရက်နေ့ကလည်း မြတောင်စစ်ဆေးရေးဂိတ်ကို အင်အားဖြည့်ဖို့သွားတဲ့ စစ်ကောင်စီကားကို တကောင်း တိုက်နယ် သစ်တပင် ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်မှုတွေ လုပ်ခဲ့သေးပါတယ်။
ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်း အစပ်အနီးနား မှာ ရှိတဲ့ စစ်အုပ်စုရဲ့ မြတောင် စစ်ဆေးဂိတ်မှာ ဒေသကာကွယ်ရေး အဖွဲ့တွေနဲ့ စစ်အုပ်စု တိုက် ပွဲတွေ မကြာခဏဆိုသလိုဖြစ်နေတာလို့ ဒေသခံ တွေကပြောပါတယ်။
Photo – တကောင်း ပကဖ