ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွ လမ်းရှိ ဒါလီချောင်းကူးတံတား ထပ်မံမိုင်းခွဲခံရ

ဖေဖော်ဝါရီ ၁၇

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုကျေးရွာအနီးက ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွ ကားလမ်းမပေါ်ရှိ ဒါလီချောင်းကူးတံတားကို  ဖေဖော်ဝါရီ လ ၁၅ရက်၊ နံနက် ၆နာရီခွဲ ဝန်းကျင်မှာ ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သံပုရွာဘက်က တံတားတစ်ခြမ်းထပ်ပြီး မိုင်းခွဲခံရတယ်။ အခုတံတားတခုလုံး လုံးဝပြိုကျ​နေတာ တွေ့ခဲ့ရတယ်”လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။

ဒီဖောက်ခွဲမှုဟာ တတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ဇန်နဝါရီ လကုန်ပိုင်းကလည်း ဖောက်ခွဲမှုနှစ်ကြိမ် ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

ဒါလီတံတား ထပ်မံမိုင်းဖောက်ခွဲခဲ့ရပြီး ပျက်စီးသွားခဲ့တဲ့အတွက် မုဒုံ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ လမ်းမပိုင်း အသုံးပြုသွားလာမှု ရပ်ဆိုင်းသွားခဲ့ပြီး ခရီးသွားလာဖို့နဲ့ ကုန်စည်စီးဆင်းဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာတော့  ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းကြားက မဲ့သရော် လမ်းနဲ့သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းမတို့ကို အသုံးပြုကာ သွားလာနေရပြီးခရီးဝေးကွာတာကြောင့် ခရီးသွားလာဖို့ ကားခနှုန်းထားနဲ့အတူ ကုန်စည်သယ်ဆောင်ခတွေပါ ပိုမိုမြင့်တက်လာတယ်လို့ ကြာအင်းဆိပ်ကြီး မြို့ခံတစ်ဦးက ဆိုပါတယ်။

” အခု မဲ့သရော်လမ်းနဲ့ သံဖြူဇရပ်-ကြာအင်းဆိပ်ကြီးလမ်းကို သုံးပြီးသွားနေရတယ်။ လမ်းကဝေးတော့ ကားခတွေ အရင်ထက်ပိုတက်သွားတယ်။အရင်ဆို ကားခကျပ် ၁ သောင်း လောက်ပဲရှိတာ အခု ၂ သောင်းခွဲအထိ တက်သွားတယ် အသွားအပြန်ဆို ကုန်စည်ပို့ခဆို ၁ သိန်းခွဲကနေ ၃ သိန်းဝန်းကျင်အထိ စျေးတက်သွားတယ်” လို့ သူမက ဆိုပါတယ်။

ဒါလီချောင်းကူးတံတားကို စစ်ကောင်စီတပ် ရှေ့တန်းစစ်စခန်းနေရာတွေအတွက် လိုအပ်မဲ့ ရိက္ခာ၊ လက်နက်နဲ့ စစ်ကူတွေပို့ဆောင်ဖို့ ဖြတ်သန်းအသုံးပြုနေတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နဲ့ ဇန်နဝါရီလ ၂၈ ရက်တို့မှာ ကရင်တော်လှန်ရေးအင်အားစုတွေက မိုင်းထောင်ဖောက်ခွဲခဲ့တာလို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

တံတားတတိယအကြိမ်မိုင်းဖောက်ခွဲရမှုအပေါ် KNU၊ PDF အဖွဲ့က ထပ်မံလုပ်ဆောင်ခဲ့တာ​ ဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပေမဲ့ ဒီကနေ့အထိ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် ချောင်းနှစ်ခွ၊ မုဒုံမြို့သို့ ဆက်သွယ်ထားသည့် ဒါလီချောင်းကူးတံတားကို  ယခင်စစ်အစိုးရလက်ထက် ၁၉၉ဝ ပြည့်နှစ်နောက်ပိုင်းမှာ မရိကလ၊ သံပုရာ၊ ရွှေလင်း၊ ကြာအင်းဆိပ်ကြီးသို့ ကုန်းလမ်းကြောင်း ဖောက်လုပ်ရာတွင် တည်ဆောက်ခဲ့ကာ ကြံ့ခိုင်ရေးအစိုးရလက်ထက်မှာ ပြန်လည်ပြုပြင်မွမ်းမံခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

အာဏာသိမ်းနှစ်နှစ်ကာလမှာ ကားလမ်း ၁၀၂၁ကြိမ်၊ ရထားလမ်း ၆၆ကြိမ်၊ တံတား ၁၃၇ကြိမ်၊ လျှပ်စစ်တာဝါတိုင် ၂၃ကြိမ်နဲ့ ဆက်သွယ်ရေးတာဝါတိုင် ၃၆၅ကြိမ် ဗုံးဖောက်ခွဲခံထားရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Photo – DSInfo