တိုက်ပွဲကာလမှာ နှုတ်ထွက်ခဲ့တဲ့ ရခိုင်က အုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီလက်အောက်တာဝန်ပြန်ထမ်းနေ

ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတို့ နှစ်ဘက် တိုက်ပွဲပြင်းထန်ခဲ့တဲ့ကာလအတွင်း ရာထူးကနှုတ်ထွက်ခဲ့ကြတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေက ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ AA ရဲ့ တိုက်တွန်းချက်ကြောင့် စစ်ကောင်စီလက်အောက်မှာ ပြန်လည်တာဝန်ထမ်းနေကြပြီဖြစ်တယ်လို့ ပြောကြပါတယ်။ 

ရခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ကြား ကြားညှပ်တာ၊ စစ်ကောင်စီတပ်သားတွေက အုပ်ချုပ်ရေးမှူးတွေ ကို ဖမ်းဆီးတာ စတဲ့အချက်တွေကြောင့် နုတ်ထွက်စာတင်ထားခဲ့ကြတဲ့ အုပ်ချုပ်ရေးမှူးတွေကို AA ကခေါ်ယူပြီး တာဝန်ပြန်ထမ်းကြဖို့ ခေါ်ယူတိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

 “တပ်တော်ကလည်း ထွေအုပ်ကို ပြန်ခေါ်ခိုင်းတယ်ထင်ပါတယ်၊ ထွေအုပ်က ခေါ်ပြီးတော့ ပြန်လုပ်ခိုင်းတယ်၊ ကျွန်တော်တို့ကလည်း တပ်တော်ကလည်း လုပ်ခိုင်းတယ်၊ ဒေသအခြေအနေလည်း တည်ငြိမ်နေတယ်ဆိုတော့ ပြန်လုပ်နေကြပါတယ်”လို့ တာဝန် ပြန်ထမ်းနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက DNA ကို ပြောပါတယ်။

နှုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစလို့ တဦးစ၊ နှစ်ဦးစ မူလတာဝန်ပြန် ယူလာကြရာကနေ လက်ရှိမှာတော့ နုတ်ထွက်ထားသူတွေ အကုန်လုံးနီးပါး စစ်ကောင်စီလက်အောက်မှာ ပြန်လုပ်နေကြပြီဖြစ်တယ်လို့ ဆိုကြပါတယ်။

 “ရသေ့တောင်မှာလည်း အကုန်လုံး ပြန်လုပ်ကြတယ်၊ ပုဏ္ဏားကျွန်းမှာဆိုရင် လေးယောက်လားပဲ ပြန်မလုပ်ဘူး၊ အကုန်လုံး ပြန်လုပ်ကြတယ်”လို့ ရသေ့တောင်မြို့နယ်က အုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။ 

အခုလို စစ်ကောင်စီလက်အောက်မှာ ပြန်လုပ်နေကြပြီဆိုပေမယ့် ဒေသအခြေအနေ ပြောင်းလဲလာခဲ့မယ်ဆိုရင် ပြန်ပြီးတော့ နုတ်ထွက်ကြမယ်လို့လည်း အဲဒီအုပ်ချုပ်ရေးမှူးတွေက ပြောကြပါတယ်။ 

 

 

“ပြန်လုပ်ခိုင်းပေမယ့် ကျွန်တော်တို့ကို လုံခြုံရေးအာမခံချက်မပေးဘူး၊အဲတော့ နယ်မြေဆူလာရင် ကျွန်တော်တို့ ပြန်ထွက်ကြမယ်၊အခုလုပ်တယ်ဆိုတာကလည်း ဒေသဖွံ့ဖြိုးရေးကိစ္စတွေ၊ ထောက်ခံစာကိစ္စတွေမှာ အုပ်ချုုပ်ရေး မှူးတွေ မရှိရင် အဆင်မပြေဘူးလေ၊ အဲဒါကြောင့်ပါ”လို့ ပုဏ္ဏာကျွန်းမြို့နယ်က နောက်ထပ်အုပ်ချုပ်ရေးမှူး တဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ AA တို့ကြား အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်ရတဲ့အခါ ကြားညှပ်တာ၊ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းချင်တာ စတဲ့အချက်တွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က အုပ်ချုပ်ရေးမှူး ၇၀ ကျော်နဲ့ ရသေ့တောင် မြို့နယ်က ၁၉ ဦးတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခု အောက်တိုဘာလနဲ့ ဒီဇင်ဘာလဆန်းပိုင်းတို့မှာ နုတ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးကာ တရားစွဲဆိုတာ၊ ခြိမ်းခြောက်တာတွေ လုပ်နေခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောကြပါ တယ်။ 

ရခိုင်တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း ရခိုင်ပြည်နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးဆယ်ဦး ကျော်ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့် တရားစွဲထားပါတယ်။ ပြီးခဲ့တဲ့တိုက်ပွဲကာလတုန်းကလည်း ရခိုင်ပြည်နယ် ကျောက်တော်၊ ရသေ့တောင်၊ မြေပုံ၊ မင်း ပြားစတဲ့ မြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ ထွက်စာတင်၊ နုတ်ထွက်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း နှစ်နှစ်ကျော်ကြာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေခဲ့တဲ့ AA ဟာ ၂၀၂၀ တိုက်ပွဲတွေ ရပ်နားထားချိန်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်ကောက်ခံရေးစတဲ့ ယန္တရားကို တဖြေးဖြေးတည်ဆောက်နေလာခဲ့ပြီး လက်ရှိမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ကိုင်တွယ်လုပ်ဆောင်နေတာလည်း ရှိနေပါတယ်။

 

Photo – MOI (ပုံဟောင်း)

ပုံစာ – ရခိုင်ပြည်နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်တဲ့ ထွေအုပ်အစည်းအဝေးတခု