အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ရေဦးက အိမ်ပေါင်း သုံးထောင်ကျော် မီးရှို့ခံခဲ့ရ

ဖေဖော်ဝါရီ ၊ ၁၆

စစ်တပ်ကအာဏာသိမ်းပြီး၂၀၂၁ ကစလို့ အခုနှစ် အစပိုင်းအထိ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက ရွာပေါင်း ၅၀ ကအိမ်ခြေပေါင်း ၃၁၇၁ အိမ် ကိုစစ်ကောင်စီတပ်တွေရဲ့ မီးရှိူ့မှုကြောင့် ပျက်စီးဆုံးရှူံးခဲ့ရပြီလို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီကျေးရွာ ၅၀မှာအိမ်ခြေပေါင်း ၉၄၈၆ အိမ်ရှိတဲ့အနက်က အိမ်ခြေ ၃၁၇၁ မီးရှို့ဖျက်ဆီးခဲ့ရတာပါ။

ဒီကနေ့ထုတ်ပြန်တဲ့စာရင်းတွေထဲမှာမီးဖိုဆောင်၊စတိုဆောင်၊ နွားတဲများ ထည့်သွင်းထားခြင်းမရှိပဲ အဲ့ဒီမီးလောင်ဆုံးရှူံးမှု့စာရင်းကို PDF/ပကဖ/ပအဖ (မီးသတ်နှင့်လူသားစာနာ) တို့မှ ကွင်းဆင်းကောက်ယူထားသည့် စာရင်းတွေဖြစ်တယ်လို့ သိရပါတယ်။

“အားလုံးက ဘာမှကို ကုန်းကောက်စရာမကျန်တော့ပါဘူး။ လက်ရှိမှာတော့ အိမ်တွေယာယီပြန်ဆောက်ဖို့တောင်ခက်နေတယ်။ ယာယီတဲတွေတောင်မီးဝင်ဝင်ရှို့နေတော့ ယာယီတဲတောင် မထိုးရဲသလောက်ဖြစ်နေရပြီ။ အလှူရှင်မရှိတဲ့အချိန် ဘာမှထောက်ပံ့မှုမရကြတဲ့ ပြည်သူတွေကတော့  တချို့ နီးစပ်ရာဆွေမျိုးတေဆီ သွားနေကြရပြီ။ ရွာကိုမပြန်ရဲကြတော့ဘူး”လို့ Peoples Defense Comrade မှ ရေဦး ပကဖ အဖွဲ့မှတာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

 

 

အဲဒီကျေးရွာ၅၀ထဲမှာ ချမ်းသာကျေးရွာအုပ်စုထဲကချမ်းသာကျေးရွာ၊ ထန်းပင်ကုန်း၊ ရွာဟောင်းကုန်းနဲ့ ဗုဒ္ဓဟူးရွာတွေက အိမ်ခြေ ၈၀၀ ကျော်ရှိပြီး လေးကြိမ်တိတိ မီးရှို့ခံခဲ့ရတာပါ။

ရေဦးနယ်အတွင်း ကျေးရွာများစွာကို ၂လခွဲလောက် ဆက်တိုက်ရှို့သွားတာဟာ စစ်ကောင်စီရဲ့ မော်လိုက်အခြေစိုက် ခမရ ၃၆၄ နဲ့ မှော်ဘီအခြေစိုက် ခလရ ၇၀၁ ဖြစ်တယ်လို့လဲ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အတည်ပြုပါတယ်။

“ရာသီအကူးအပြောင်းလေးတွေကြောင့်  စစ်ဘေးရှောင် ကလေးမိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တေက အစပေါ့ဗျာ ဖျားတာနာတာလောက်တော့ ဖြစ်ကြပါတယ်။ ဖျားနေတဲ့အချိန်လဲ စစ်ကြောင်းဝင်ရင် ပြေးကြရ၊ မီးတွင်းထဲကမထွက်ရသေးတဲ့ မိခင်တွေလဲ ပြေးကြရနဲ့  အကုန်ကို ဒုက္ခရောက်ကြရတယ်”လို့ ရေဦးမြို့နယ်စစ်ရှောင်ကူညီထောက်ပံ့နေသူတဦးက ပြောပါတယ်။

လက်ရှိမှာတော့ ရေဦးတမြို့နယ်ထဲမှာပဲ စစ်ရှောင်နဲ့ မီးဘေးသင့် ပြည်သူပေါင်း သောင်းနဲ့ချီပြီးရှိနေပြီး ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူ့အုပ်ချုပ်အရေးအဖွဲ့တွေက ဆေးဝါးနဲ့စောင့်ရှောက်မှုပေးတာတွေ ရှိနေပေမယ့် ရာသီအကူးအပြောင်းလေးတွေကြောင့်  စစ်ဘေးရှောင် ကလေးမိခင်တွေအတွက် ဆေးဝါး ၊စောင်  ၊ခေါင်းအုံး၊ စားနပ်ရိက္ခာ တွေအရေးပေါ်လိုအပ်လျက်ရှိတယ်လို့လဲ သိရပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းချိန်ကစလို့ တနိုင်ငံလုံးမှာအိမ်ပေါင်း ၅၅၄၈၄ မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းက ၄၃၂၉၂ အိမ်နဲ့ အများဆုံးဖြစ်ပါတယ်လို့ Data for Myanmar ကထုတိပြန်ထားပါတယ်။