ရန်ကုန်က မြို့နယ်တချို့မှာ အချိန်အခါမဟုတ် မိုးရွာ

ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ရက် ညနေပိုင်းက အချိန်အခါမဟုတ် မိုးရွာသွန်းမှု တွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒီကနေ့ ညနေ ၄ နာရီဝန်းကျင်ကနေ စတင်ရွာသွန်းခဲ့တာဖြစ်ပြီး လက်ရှိမှာ မှော်ဘီ၊ တိုက်ကြီး၊ လှိုင်သာယာ ၊ မရမ်းကုန်း၊ အင်းစိန်နဲ့ တောင်ဒဂုံစတဲ့မြို့နယ်တွေမှာ နေရာကွက်ကျား မိုးရွားသွန်းခဲ့ပါတယ်။

“မိုးက အရမ်းသဲနေတာတော့မဟုတ်ဘူးဆိုပေမယ့် မိုးတွင်းမှာ မိုးရွာနေသလိုပဲ၊အဓိကက တနေကုန်လည်း ပူထားတော့ လူတွေက အပူရှပ်ပြီး ဖျားမှာကိုပဲစိုးရိမ်နေကြတာ”လို့ မရမ်းကုန်း၊၁ရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနရဲ့ ညနေ ၄နာရီ သတင်းထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁၇ရက်အတွက် မိုးလေဝသခန့်မှန်းချက်မှာတော့ မြစ်ကြီးနားမြို့၊ ကျိုင်းတုံမြို့၊ တောင်ကြီး၊ နေပြည်တော်၊ ပဲခူးနဲ့ ရန်ကုန်၊ ပုသိမ်၊ လွိုင်ကော်၊ ဘားအံ၊ မော်လမြိုင်၊ထားဝယ်တို့မှာ နေရာကွက်ကျား မိုးရွာသွန်းနိုင်တယ်လို့ ဆိုထားပါတယ်။

“စျေးတွေက ရောင်းမကောင်းရတဲ့ကြားထဲ မိုးသာရွာရင်တော့ မလွယ်ဘူး၊အခုမိုးနဲနဲအုံတာတောင် လူကမထွက် ကြတော့ဘူး၊ မိုးသာ ဒီနှစ်စောရွာရင်တော့ မလွယ်သေးဘူး”လို့ စမ်းချောင်း မြို့နယ်၊ ဗဟိုလမ်းမကြီးပေါ် စျေးရောင်းချသူတဦးက ပြောပါတယ်။ 


Photo – CJ