ပုလောမှာ စစ်ကြောင်းထိုးလို့ဒေသခံ တသောင်းကျော် တိမ်းရှောင်၊ တိုက်ပွဲအချိန်မရွေးဖြစ်နိုင်တယ်လို့ PDF သတိပေး

ဖေဖော်ဝါရီ၊ (၁၆)

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်မှာ ကဒဲကျေးရွာထဲကို အင်းအာ ၂၀၀ ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲနေတာကြောင့် ကျေးရွာ ၅ ရွာက အရပ်သားတစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီဟာ အခုလဆန်းက ပုလောမြို့နယ်အပါအဝင် မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းက တိုက်ခိုက်တာတွေလုပ်ဆောင်လာနေပါတယ်။

အင်အား ၂၀၀ ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၅ ရက် ည ၇ နာရီကျော်ခန့်မှာ ပုလောမြို့နယ် ၊သင်္ကန်းတောကျေးရွာဘက်ကနေ ကဒဲကျေးရွာထဲကို ဝင်ရောက်လာတာကြောင့် ကဒဲ၊ တန်းရှင်း၊ တို့ရွာ၊ ပလ၊ သင်္ကန်တောကျေးရွာနဲ့ အနီးပတ်ဝန်းကျင်က ဒေသခံ ၁၀,၀၀၀ ကျော်နေ့ချင်းတွင်း ဘေးလွတ်ရာရှောင်တိမ်းနေရတာပါ။

“ မနေ့က ၇ နာရီလောက်မှာ သူတို့ စစ်ကြောင်းဝင်လာတာ၊ သင်္ကန်းတောဘက်ကနေ ဝင်လာတာ၊ ဝင်လာတဲ့အချိန်မှာ ရွာသားတွေက သတင်းကြိုရလို့ပေါ့၊ ချက်ချင်းအားလုံးထွက်ပြေးကုန်ကြတာ၊ စစ်သား အင်အား ၂၀၀ လောက်ရှိတယ်၊ သူတို့မလာခင်လည်း လက်နက်ကြီး နဲ့ လှမ်းဆော်သေးတယ်၊ ပြီးမှ ဝင်ခဲ့တာ၊ ကဒဲ၊ တန်းရှင်း၊ တို့ရွာ၊ ပလ၊ သင်္ကန်တောနဲ့ ပြည်ထောင်စုလမ်းဘေးက ရွာတွေ အကုန်ထွက်ပြေးခဲ့ရတယ်၊ ရွာသားတွေ ၁၀၀၀၀ ကျော်လောက်ရှိမယ်”လို့ပုလောမြို့နယ်၊ပြည်သူ့ကာကွဉ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ ကဒဲကျေးရွာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတစ်ခုဖြစ်တာကြောင့် ရွာထဲရောက်ရှိလာတဲ့ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တို့ ၂ နာရီနီးပါးကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လူအင်အားမျှတမှုမရှိတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာလုပ်ဆောင်နေသလို ဖမ်းဆီးခံရသူတွေလည်း ရှိနေမယ့် အရေအတွက် အတိအကျကို မသိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိကျေးရွာ ၅ ရွာက ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သားပြည်သူ ၁၀၀၀၀ ကျော်ဟာ စစ်ရှောင်စခန်းတွေ၊ တောတောင်တွေနဲ့ နီးစပ်ရာဆွေးမျိုးနေအိမ်မှာ မှီခိုနေရပြီး သူတို့အတွက် အရေးပေါ်အသုံးပြုဖို့ နေစရာစောင်ခြင်တောင်၊ အစားအသောက်ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“ အခုထွက်ပြေးလာတဲ့သူတွေက သူ့ဟာနဲ့သူနဲ့ ရှောင်နေကြတာများတယ်၊ ရုတ်တရက်ဆိုတော့လေ၊ အခုတော့ တချို့က စစ်ရှောင်စခန်းတွေဘက်က ရောက်လာတာရှိပြီး၊ သူတို့အတွက်တော့ အခက်အခဲမျိုးစုံပဲပေါ့၊ လိုအပ်နေတာတွေက စောင်ခြင်တောင်၊ အစားသောက်၊ ဆေးဝါးတွေကအစ လိုနေတာပေါ့၊ အခုက တချို့ဆို စစ်ရှောင်အရေးကူညီပေးနေတဲ့အဖွဲ့တွေက ထောက်ပံ့ပေးနေတာရှိသလို သူ့နည်းနဲ့သူ ထွက်ပြေးနေရတဲ့သူတွေအတွက်တော့ ဘယ်ရောက်နေမှန်းလည်း မသိ၊ သူတို့ဆို ပိုအခက်အခဲ ဖြစ်နေတာပေါ့။” ဟု ၎င်းက ပြောပါတယ်။

ပုလောမြို့နယ်ထဲက ဒေသအများစုက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီကတော့ သူတို့ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

ဒါကြောင့် ပုလောမြို့နယ်မှာဆိုရင် အရင်နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သား ၇၀၀၀ ကျော်အပါအဝင် ၁၇၀၀၀ ကျော်က ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်းအရေးကူညီပေးနေသူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံမှ သိရပါတယ်။

လက်ရှိမှာ ဒီကနေ့ ညနေပိုင်းအထိ စစ်ကောင်စီတပ်ဖွဲ့တွေက ကဒဲကျေးရွာထဲမှာ တပ်စွဲထားပြီး တခြားကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်နေတဲ့အပြင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့လည်း အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တယ်လို့ ၎င်းက ဆိုပါတယ်။

“ ညက ၂ နာရီလောက်တိုက်ပွဲဖြစ်သွားတယ်။အဲရွာက ကျွန်တော်တို့ထိန်းချုပ်ထားတာ။သူတို့လူအင်အားက များတယ်။ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေဘက်က ညကတည်းက ပြန်ဆုတ်ခဲ့ရတယ်။အခု သူတို့ ကဒဲမှာ တပ်စွဲထားဆဲပဲ။အဲကနေ တခြားရွာတွေကို လက်နက်ကြီးနဲ့ ပစ်လိုက်၊ နားလိုက်ပဲ၊ တိုက်ပွဲကတော့ အချိန်မရွေးဖြစ်နိုင်ပါတယ်။” ဟု ၎င်းက ပြောပါတယ်။


Photo – Social Media