ဋိပက္ခတွေကြား နေရပ်စွန့်ခွာပြေးရသူတွေအတွက် ဒေါ်လာသန်းငါးဆယ် ကိုထပ်ပြီးထောက်ပံ့မယ်လို့ အမေရိကန်ပြည်ထောင်စုထုတ်ပြန်

လက်ရှိနိုင်ငံတဝန်းမငြိမ်မသက်မှုတွေကြား မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးရသူတွေနဲ့  လက်နက်ကိုင်ပဋိပက္ခတွေကြားလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာသန်း ၅၀ အသစ်ထပ်မံထောက်ပံ့သွားမယ်လို့  ဒီကနေ့ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကထုတ်ပြန်လာပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂက လတ်တလောထုတ်ပြန်ခဲ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေကို သုံးသပ်မှုအရ မြန်မာနိုင်ငံက လူဦးရေ ၁၇ သန်းကျော်မှာ လူ၃ဦးမှာ တဦးက လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေလိုအပ်နေတယ်လို့ဆိုပါတယ်။

အခုလို လိုအပ်ချက်တွေဟာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ မှာ အထောက်အပံ့တွေအများကြီးလိုအပ်တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်တဲ့လူဦးရေ တသန်းမပြည့်ခဲ့ဘူးလို့  USAID  ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

လက်ရှိပြည်တွင်းမှာဆိုရင်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက နိုင်ငံတဝန်းကသူ့ကိုခုခံတွန်းလှန်တဲ့ ဒေသတွေကို နေ့စဉ်လိုလို စစ်ကြောင်းထိုးမီးရှို့ပစ်ခတ်မှုတွေလုပ်နေတာကြောင့် ဒေသခံတွေဟာ နေရပ်စွန့်ခွာပြေးနေရသလို နှစ်ဖက်တိုက်ပွဲကြား တိမ်းရှောင်ရသူတွေလည်းရှိနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်  နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စစ် ဘေးရှောင်ဦးရေလေးဆနီးပါးအထိမြင့်တက်လာ ပြီး နှစ်သန်းနီးပါးအထိ ရှိလာတယ်လို့ ISP မြန်မာရဲ့ စစ်တမ်းတွေအရသိရပါတယ်။

လက်ရှိမှာလည်း စစ်ကိုင်း၊ မကွေးလိုနေရာက ဒေသခံတွေဟာ စစ်တပ်စစ်ကြောင်းထိုးမှုတွေကြား စစ်ရှောင်စခန်းရယ်လို့ သတ်မှတ်မနေနိုင်တာတွေရှိနေသလို ကရင်နီပြည်နယ်ထဲမှာစစ်ရှောင်စခန်းတွေအနီးကို စစ်တပ်ကတိုက်ခိုက်တာကြောင့် စစ်ရှောင်ဖို့ လုံခြုံမှုမရှိတဲ့အခြေအနေတွေဖြစ်နေတယ်လို့ စစ်ရှောင်အရေးကူညီသူတွေနဲ့အရပ်ဖက်အဖွဲ့တွေကပြောဆိုထားပါတယ်။