အမေရိကန်ရဲ့ F-16 တိုက်လေယာဉ်တစ်စီးကို AI နည်းပညာက ၁၇ နာရီကျော် ထိန်းချုပ်ပျံသန်းခဲ့

အမေရိကန်မှာ စမ်းသပ်မှု တစ်ခုအရ ဉာဏ်ရည်တု နည်းပညာ (AI)ဟာ F-16 တိုက်လေယာဉ် တစ်စီးကို ၁၇ နာရီကျော်ကြာအောင် အမှားအယွင်းမရှိ ထိန်းချုပ် ပျံသန်းခဲ့ကြောင်း သိရပါတယ်။

 အခုသီတင်းပတ် အစောပိုင်းမှာ Lockheed Martin လေကြောင်းနည်းပညာ ကုမ္ပဏီက သူတို့ရဲ့ စမ်းသပ် အောင်မြင်မှု ရလဒ်ကို ထုတ်ပြန်ခဲ့ပါတယ်။ F-16D Block 30 Peace Marble II အမျိုးအစား တိုက်လေယာဉ် တစ်စီးကို ပြန်လည်မွမ်းမံ ပြုပြင်ထားတဲ့ VISTA X-62Aဟာ ဒီဇင်ဘာလတုန်းက နည်းလမ်းမျိုးစုံ စမ်းသပ်မှုတွေအတွင်း အဲဒီလို ပျံသန်းမှုမျိုးကို လုပ်ဆောင်နိုင်ခဲ့တာလို့ Lockheed Martinက ဆိုပါတယ်။

 ဒါဟာ အမေရိကန် လေတပ်ရဲ့ ခေတ်မီ တိုက်လေယာဉ် တစ်စီးကို AIက ပထမဆုံးအကြိမ် ရာနှုန်းပြည့် ထိန်းချုပ် ပျံသန်းနိုင်မှုလည်း ဖြစ်လာပါတယ်။

 VISTAကို လေကြောင်းပျံသန်းမှု အထောက်အပံ့ AI စနစ်က ထိန်းချုပ်နိုင်အောင် ပြောင်းလဲ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ VISTAရဲ့ အောင်မြင်မှုဟာ အနာဂတ်ကာလ နည်းပညာမြင့် AI အထောက်အပံ့ ဝေဟင်တိုက်ခိုက်ရေး နည်းဗျူဟာတွေကို အကောင်အထည် ဖော်ရာမှာ ကြီးကြီးမားမား အထောက်အကူ ရရှိစေမယ်လို့ ယုံကြည်ကြောင်းလည်း Lockheed Martinက ဆိုပါတယ်။

အမေရိကန် လေတပ်ဟာ VISTA ပရိုဂရမ်ကို တရားဝင် အသိအမှတ် ပြုထားပြီး အစိုးရ အထောက်အပံ့နဲ့ ထိန်းချုပ်ထားမယ့် စီမံကိန်း တစ်ခုအဖြစ် ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ ကြေညာထားခဲ့ပါတယ်။ အဲဒီ လေယာဉ်မှာ AIကို အထောက်အကူ ဖြစ်စေမယ့် အဆင့်မြင့် အာရုံခံ ဆင်ဆာတွေ၊ Softwareနဲ့ Hardware အဆင့်မြှင့်တင်မှုတွေ ဖြည့်တင်းထားပါတယ်။

 Lockheed Martinဟာ သူတို့ရဲ့ AI စွမ်းရည်ကို ပြည့်စုံသထက် ပြည့်စုံအောင် မွမ်းမံပေးနေပြီး ၂၀၂၃ ခုနှစ် တစ်နှစ်တာလုံးမှာလည်း VISTA ပရိုဂရမ်အတွက် စမ်းသပ် ပျံသန်းမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာပါ။

 လက်ရှိ အချိန်မှာတော့ အမေရိကန်ဟာ ကမ္ဘာ့အဆင့်အမြင့်ဆုံး ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေဖြစ်တဲ့ F-35နဲ့ F-​​​22တွေကို ပိုင်ဆိုင်ထားပြီး ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်တွေ ဖန်တီးဖို့လည်း ပြင်ဆင်နေပါတယ်။ အတည်မပြုနိုင်သေးပေမယ့် ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်တွေကျရင် လေယာဉ်မှူး မပါဘဲ ပျံသန်းနိုင်တဲ့ AI အထောက်အပံ့ စနစ်ပါ ပါဝင်လာဖွယ်ရှိကြောင်း ခန့်မှန်းမှုတွေလည်း ထွက်ပေါ်နေပါတယ်။

 အမေရိကန်အပြင် ဗြိတိန်၊ အီတလီ၊ ဂျပန်နဲ့ ရုရှားတို့ဟာလည်း AIနဲ့ algorithm အထောက်အပံ့တွေကို အသုံးပြု ပျံသန်းမယ့် မောင်းသူမဲ့ လေယာဉ်တွေ တီထွင်ဖို့ အသီးသီး အားထုတ်နေကြပါတယ်။