ချေးငွေနွံထဲက စစ်ကောင်စီရဲ့ သံမဏိစီမံကိန်းတွေဘာကြောင့်လည်ပတ်ဖို့ ကြိုးစားနေတာလဲ

စီးပွားရေးအရ တွက်ချေမကိုက်ရုံပဲ ချေးငွေတွေနဲ့  လည်ပတ်မယ့် ရှမ်းပြည်နယ်က ပင်းပက်နဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့က သံမဏိစက်ရုံတွေကို အာဏာသိမ်းစစ်ကောင်စီ ဒီနှစ် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်ထဲမှာ  လည်ပတ်နိုင်ဖို့ကြိုးစားနေပါတယ်။

နိင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုကို ခံနေရတဲ့ စစ်ကောင်စီဟာ ပင်းပက်- မြင်းခြံ သံနဲ့သံမဏိထုတ်လုပ်မှုအတွက် အကြီးစားကျောက်မီးသွေးတူးဖော်မှုကို ရှမ်းပြည်အလယ်ပိုင်း၊ ကျေးသီးမြို့နယ်မှာ ၂၀၂၂ ခုနှစ်ကတည်းက စတင်လုပ်ဆောင်နေတယ်လို့ ရှမ်းပြည်နယ်ရင်းနှီးမြှပ်နှံမှုစောင့်ကြည့်ရေးအဖွဲ့ (SSFIM) က ပြောပါတယ်။ 

ရှမ်းပြည်အလယ်ပိုင်း၊ ကျေးသီးမြို့နယ်၊ မိုင်းကောင်မှာ ယမန်နှစ် အောက်တိုဘာလမှ စတင်ပြီး အကြီးစားထူးဖော်နေတဲ့ ကျောက်မီးးသွေးတွေကို တောင်ကြီးမြို့အနီးရှိ ပင်းပက်သံနဲ့ သံမဏီစက်ရုံမှာ လောင်စာအဖြစ်အသုံးပြုမှာဖြစ်သလို မန္တလေးတိုင်း၊ မြင်းခြံသံမဏီစက်ရုံမှာ သံသတ္တုထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ 

ဒါက စစ်ကောင်စီရဲ့ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းတွေကို ပိုမိုခိုင်မာအားကောင်းလာစေဖို့နဲ့ ပြည်တွင်းသံမဏိထုတ်လုပ်မှုကို တိုးမြှင့်ဖို့ဖြစ်တယ်လို့ SSFIM က ပြောပါတယ်။ 

“အဓိကက အခုစီမံကိန်းက ရုရှားနဲ့ စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်မှာပါ။ စစ်ကောင်စီကနေပြီးတော့ ရှရှားဆီက ကာကွယ်ရေးနဲ့ ဆိုင်တဲ့ အကူအညီတွေ ရယူနေတယ်ဆိုတော့ ရှေ့ဆက်က ပိုပြီးတော့ နှစ်ဖက်အကျိုးဖြစ်လာဖို့ပဲ ရှိတယ်” လို့ SSFIMရဲ့ ပြောရေးဆိုခွင့် ရှိသူ ခမ်းလူက ပြောပါတယ်။ 

SSFIM ဆိုတာ ရှမ်းပြည်အတွင်းက စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပဋိပက္ခတွေအကြား ဆက်စပ်မှုကို ဖော်ထုတ်တဲ့ တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်တဲ့ ကွန်ယက်အဖွဲ့ဖြစ်ပါတယ်။ 

ဒီစက်ရုံနဲ့ ပတ်သက်ပြီး အဓိက ဘာတွေ ထုတ်မယ်၊ လုပ်မယ်ဆိုတဲ့ အတိအကျသတင်းအချက်အလက်တော့ ကျနော်တို့ မသိရဘူး။ ဒါပေမဲ့ လက်ရှိ အခြေအနေအရ အကြမ်းဖက် စစ်အုပ်စုက အရှိန်မြှင့်လာတဲ့ ဒီတော်လှန်ရေးမှာ သူတို့ကို သူတို့ ကာကွယ်ဖို့အတွက် ဒီစစ်ရေးကိစ္စတွေမှာ ဘတ်ဂျတ်တွေ အများကြီး ပိုသုံးလာတယ်။ စစ်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေ များစွာ လုပ်နေတယ်ဆိုတာကို တွေ့ရပါတယ်” လို့ NUG အစိုးရပြောခွင့်ရ ကိုနေဘုန်းလတ်က ပြောပါတယ်။ 

ပင်းပက်-မြင်းခြံသံနဲ့ သံမဏီစက်ရုံစီမံကိန်းကို ယခင်စစ်အစိုးရလက်ထက် ၂၀၀၆ ဝန်းကျင်ကတည်းက စတင်အကောင်အထည်ဖော်ပေးမဲ့ မလည်ပတ်နိုင်ခဲ့ပါဘူး။ ၂၀၁၇ မှာတော့ NLD အစိုးရက ငွေကြေးဆုံးရှုံးမှု များတာတွေကြောင့် ရပ်ဆိုင်းလိုက်ပါတယ်။ 

 ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်အစိုးရက ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် သွားရောက်ခဲ့ပြီး ရုရှားအစိုးရပိုင် Tyazhpromexpor နဲ့ အီတလီကုမ္ပဏီ Danieliတို့ ပူးပေါင်းပြီး ပင်းပင်နဲ့ မြင်းခြံစီမံကိန်းနှစ်ခုလုံးကို ပြန်လည်းအသက်သွင်းခဲ့ပါတယ်။ 

၂၀၂၁ခုနှစ် အောက်တိုဘာလမှာတော့ စစ်ခေါင်းဆောင် ပင်းပက်သံနဲ့ သံမဏိစက်ရုံးစီမံကိန်းဟာ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာ စတင်လည်ပတ်နိုင်ဖို့ အလျင်အမြန်ဆောင်ရွက်နေပါတယ်။ 

မြင်းခြံသံမဏိစက်ရုံကို  ၂၀၀၅ ခုနှစ်က တရုတ်နိုင်ငံ China Development Bank ကနေ ယူရို ၁ဒဿမ ၁ သန်းချေးငှားပြီးဆောင်ရွက်ခဲ့ပေမယ့် ၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ကျပ်ငွေ ၁၃၀ ဘီလီယံအရှုံးပြခဲ့တယ်လို့ ဒီချုပ်အစိုးရလက်ထက် မန္တလေးတိုင်းလျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဦးဇာနည်အောင်က ၂၀၂၀ ပြည့်နှစ်က တိုင်းလွှတ်တော်ကို တင်ပြခဲ့ပါတယ်။

“ကျွန်တော်တို့ ပထမအကြိမ် လွှတ်တော်ကာလမှာတုန်းက နိုင်ငံခြားချေးငွေနဲ့ လုပ်ထားတာ အကျိုးအမြတ် မရှိလို့ နားလိုက်တယ်လို့ နားလည်ထားပါတယ်။ ရှုံးနေတဲ့အခါကျတော့ဗျာ အတိုးကလည်း နှစ်စဉ်ပေးနေရသေးတယ်။ ရပ်ထားတာက ပိုသက်သာမယ်ဆိုတဲ့ သဘောမျိုးနဲ့ ရပ်ထားလိုက်တယ်။ နောက်ပိုင်း ပြန်စတာကတော့ ဘယ်လို အကျိုးအမြတ်၊ ဘယ်လို ရှိနိုင်မလဲလို့ တွက်ဆသလဲ မသိဘူး” လို့ သီပေါလွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းက ကသုံးသပ်ပါတယ်။ 

မူလက စစ်တပ်ပိုင် Myanmar Economic Cooperation (MEC) က လုပ်ကိုင်ခဲ့ပေမယ့် စီးပွားရေးတွက်ခြေမကိုက်လို့ ဦးသိန်းစိန်လက်ထက်မှာ အစိုးရကို လွှဲပြောင်းပေးခဲ့ပေမယ့် ဒီချုပ်အစိုးရကတော့ နိုင်ငံပိုင်စက်ရုံ ၂၄ ရုံနဲ့အတူ ပင်းပက်နဲ့မြင်းခြံသံမဏိစက်ရုံတွေကို ရပ်ဆိုင်းခဲ့တာပါ။

မြင်းခြံသံမဏိစက်ရုံချေးငွေအတွက် တိုင်းပြည်ဟာ  အတိုးနဲ့ အရင်းပေါင်း ယူရိုငွေ ၃ သိန်းကျော်ပေးဆပ်နေရတယ်လို့လည်း ဦးဇာနည်အောင်က တင်ပြခဲ့ပါသေးတယ်။

ဒါ့အပြင် ပင်းပက် သံမဏိစက်ရုံကိုလည်း ရုရှနိုင်ငံကနေ ယူရို ၁၀ ဒဿမ ၅ သန်းတန် နည်းပညာအကူအညီရယူပြီး ဆောင်ရွက်မယ်လို့လည်း စစ်ကောင်စီက ပြောထားပါတယ်။

၂၀၂၂ ခုနှစ်ထဲမှာ လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကို ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်းက ရယူခဲ့ပြီး ညောင်ရွှေ-နမ့်ဆန်မီးရထားလမ်းမှ ခြောက်မိုင်ရှည်တဲ့ ရထားလမ်းသစ်ကိုလည်း ဖောက်လုပ်ခဲ့ပါတယ်။ 

မီးရထားလမ်းသစ်အတွက် မြေ ၂၈၇ ဧကကို လျော်ကြေးငွေ တစ်ဧက ၅သိန်းနဲ့ ၃နှစ်အတွင်း သီးနှံရောင်းရငွေတန်ဖို့ကိုသာ  အတင်းအကြပ်ပေးခဲ့ပါတယ်။ 

ဒီသံနဲ့ သံမဏိစက်ရုံတွေအတွက် ကျောက်မီးသွေးတွေကို ကျေးသီးမြို့နယ်ကက ရပါတယ်။ စစ်ကောင်စီနဲ့ ဒေသပြည်သူ့စစ်တွေနဲ့ အလွန်နီးစပ်တဲ့ ငွေရည်ပုလဲ၊ မင်းရွှေလွှာ နဲ့ နမ့်ပန်ဖွံ့ဖြိုးရေးနဲ့ ရင်းနှီးမြှုပ်နှ့မှု ကုပ္မဏီတွေက ကျေးသီးဒေသမှာ အကြီးစားကျောက်မီးသွေးတူးဖော်မှုကို လုပ်ကိုင်နေပါတယ်။ ငွေရည်ပုလဲနဲ့ မင်းရွှေလွှာကုမ္ပဏီတို့ဟာ ရှမ်းပြည်ရဲ့  ကျောက်မီးသွေးတူးဖော်မှုလုပ်ငန်းတွေမှာ နာမည်ပျက်တွေ ရှိနေတဲ့ ကုမ္ပဏီတွေဖြစ်တယ်လို့ SSFIM က စွပ်စွဲထားပါတယ်။

ဒီကျောက်မီးသွေးတူးဖော်မှုဟာ ဒေသခံရွာသာ ၁၈၀၀၀ကျော်ရဲ့ စိုက်ပျိုးမြေနဲ့ သူတို မှီခိုနေရတဲ့ နမ့်ဟင်ချောင်းကို ပျက်စီးစေတဲ့အတွက် ဒေသခံလူထုက ကန့်ကွက်ခဲ့ပေမဲ့ စစ်အစိုးရရဲ့ လစ်လျူရှူမှုကို ခံနေရဆဲဖြစ်ပါတယ်။ 

“လက်ရှိမှာဒေသခံတွေ မြေသိမ်းခံနေရပြီး၊ ကျောက်မီးသွေးသယ်ယူပို့ဆောင်ရေးအတွက် လမ်းတွေ ဖောက်နေတယ်။ တူးဖော်နေမှုတွေ စတင်နေပါပြီ။စစ်အာဏာသိမ်းမှုအောက် ဒီလို စီမံကိန်တွေ လုပ်တာဟာ ပွင့်လင်းမြင်သားမှုနဲ့ ဒေသခံတွေ ကန့်ကွက်ခွင့် မရှိပါဘူး။ ဒီတော့ အဓမ္မလယ်ယာမြေသိမ်းခံရတာ အပါအဝင် ဒေသခံတွေက မတတ်တာဘဲ စစ်တပ်စီမံကိန်းကို လက်ခံလိုက်ရတာတွေ ဖြစ်လာနိုင်တယ်။ 

ကျွန်တော်တို့ကတော့ ဒေသခံတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်လို့ ရတာ အကုန်လုပ်သွားမှာပါ”လို့ SSFIMရဲ့ ပြောရေးဆိုခွင့် ရှိသူ ခမ်းလူက ပြောပါတယ်။ 

 ဒါ့အပြင် ငွေရည်ပုလဲနဲ့ နမ့်ပန်ကုမ္ပဏီတို့ဟာ ကျေးသီးမြို့ အရှေ့မြောက်ဘက်က ဝမ်ဝပ်ကျေးရွာအုပ်စုမှာလည်း ပင်းပက်စက်ရုံအတွက် ကျောက်မီးသွေးတူးဖော်မှု စတင်ရန် ပြင်ဆင်နေပြီး စစ်ကောင်စီက ဒေသခံတွေကို မြေတစ်ဧက ကျပ်ငါးသိန်းနဲ့ ဖိအားပေးရောင်းခိုင်းနေတယ်လို့ သိရပါတယ်။ 

ပင်းပက်သံမဏီစက်ရုံဟာ တောင်ကြီးမြို့ အရှေ့ဘက် ၁၀ ကီလိုမီတာခန့်အကွာ ပင်းပက်တောင်ရှိ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးသံသတ္တုသိုက်အနီးမှာ ရှိပါတယ်။

 ကျေးသီးမြို့နယ်ထဲက ကျောက်မီးသွေးတွေကို ပင်းပက်သံနဲ့သံမဏိစက်ရုံသို့ ပို့ဆောင်ရာမှာ လဲချား၊ ဟိုပုံး၊ လွိုင်လင်မြို့တွေမှတစ်ဆင့် ကုန်တင်ကားကြီးတွေနဲ့ စတင်ပို့ဆောင်နေပြီး အဲဒီလမ်းပိုင်းကနေ တစ်နေ့ကို ကျောက်မီးသွေး ၁၅၀၀ တန် သွယ်ပို့ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“ဒီလိုစီမံကိန်းမျိုးတွေက ပြည်သူတွေကို ထိခိုက်မှုလည်း ရှိတယ်။ ပြည်သူလူထုအကျိုးစီးပွားကိုလည်း ရှေ့ရှုတဲ့ စီမံကိန်းမျိုး မဟုတ်ဘူးပေါ့နော်။ ဒီပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံတကာကုမ္ပဏီတွေအနေနဲ့လည်း ဒီကိစ္စကို သေချာစဉ်းစားသင့်တယ်။ အဲလိုပဲကိုယ့်နယ်မြေမှာလုပ်ခွင့်ပေးတဲ့ တိုင်းရင်းသားအစုအဖွဲ့တွေအနေနဲ့လည်း ကိုယ့်အကျိုးစီးပွားတစ်ခုထဲကိုပဲ မကြည့်ပဲ ပြည်သူ့ရဲ့ မျက်နှာကိုလည်း ကြည့်သင့်ပါတယ်”လို့ လို့ NUG အစိုးရပြောခွင့်ရ ကိုနေဘုန်းလတ်က ပြောပါတယ်။ 

 ကျေးသီးကျောက်မီးသွေးတွင်းနဲ့ ပင်းပက်သံမဏီစက်ရုံကြား ကီလိုမီတာ ၂၀၀ ရှည်လျားတဲ့ သယ်ဆောင်ရာ လမ်းတစ်လျှောက်မှာ စစ်ကောင်စီအခြေစိုက်စခန်းတွေ ရှိသလို ပအိုဝ့်အမျိုးသားအဖွဲချုပ် (PNO)၊ ဝမ်ပန်ပြည်သူ့စစ်၊ ရှမ်းပြည်တောင်ပိုင်းပြည်သူ့စစ်နဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ SSPP/SSA၊ RSCC/ SSA နဲ့ UWSA အဖွဲ့တွေ ရှိပါတယ်။ 

“အဲဒီကျောက်မီးသွေးသယ်တဲ့ ကားတွေက ရှမ်းပြည်အလယ်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့  ဒေသတွေကိုလည်း အတားအဆီးမရှိ ဖြတ်သန်းသွားနေတယ်။ ဒါက စစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းမှု ရှိနေတာကို ပြနေတာပေါ့။ သူတို့ကို မေးချင်တာက ကိုယ့်ရန်သူတွေရဲ့ လက်နက်လုပ်ငန်းကို မီးလောင်ရာ လေပင့် ဘယ်လိုကြောင့် ကူညီနေသလဲပေါ့နော်” လို့  SSFIMရဲ့ ပြောရေးဆိုခွင့် ရှိသူ ခမ်းလူက ပြောပါတယ်။