ကိယက်ဗ်ကို ကျူးကျော်လာတဲ့ ရုရှား မိုးပျံပူဖောင်းတွေကို ပစ်ချခဲ့ကြောင်း ယူကရိန်းပြော

ကိယက်ဗ်မြို့တော် လေပိုင်နက်ထဲ ရောက်နေတဲ့ ရုရှား မိုးပျံပူဖောင်းတွေကို ပစ်ချခဲ့တယ်လို့ ယူကရိန်းက ထုတ်ပြန်ခဲ့ပါတယ်။

 ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ကိယက်ဗ် လေကြောင်းကာကွယ်ရေး တပ်တွေဟာ မြို့ရဲ့ ကောင်းကင်ယံကို တိတ်တဆိတ် ကျူးကျော် ဝင်ရောက်လာတဲ့ မိုးပျံပူဖောင်း ၆ လုံးထဲက အများစုကို ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

 ဒါပေမဲ့ ယူကရိန်းရဲ့ ကြေညာချက်မှာ အဲဒီ ပူဖောင်းတွေဟာ ဘယ်အချိန်က ကိယက်ဗ်ကို ရောက်လာသလဲ ဆိုတာနဲ့ ဘယ်လိုဘယ်ပုံ ပစ်ချခဲ့သလဲ ဆိုတာတွေကို အသေးစိတ် ဖော်ပြမထားပါဘူး။ ပြီးတော့ ပူဖောင်းတွေက ထောက်လှမ်းရေးအတွက် အသုံးပြုတာလား၊ ဒါမှမဟုတ် လက်နက်တပ်ဆင်ထားခဲ့သလား ဆိုတာတွေကိုလည်း မသိရသေးပါဘူး။

 Reuters သတင်းဌာနကတော့ အဲဒီ ပူဖောင်းတွေ ရောက်လာတဲ့ အချိန်က ကိယက်ဗ်မှာ လေကြောင်း အချက်ပေး ဥဩတွေ ဆွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပြီးတော့ မိုးပျံပူဖောင်းတွေဟာ စက်တပ်ပန်ကာတွေကို သုံးပြီး လိုရာ ဦးတည်ချက်ဆီ ရွေ့လျားနိုင်အောင် တည်ဆောက်ထားတယ်လို့ ယူကရိန်းက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

 ယူကရိန်းစစ်ဘက် တာဝန်ရှိသူ တစ်ဦးကတော့ ဒီလို မိုးပျံပူဖောင်းတွေ ကိယက်ဗ် လေပိုင်နက်ထဲ စေလွှတ်လိုက်တယ် ဆိုတာက ရုရှားအနေနဲ့ ယူကရိန်းရဲ့ လေကြောင်း ကာကွယ်ရေး စွမ်းရည်ကို အကဲစမ်းဖို့ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပါတယ်။ နောက်ပြီး ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်တွေအတွက် လက်နက်ခဲယမ်း ဖြုန်းတီးမိအောင် စီစဉ်ခဲ့တာ ဖြစ်နိုင်တယ်ုလိ့လည်း ယုံကြည်ရပါတယ်။

 ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ယူကရိန်းလိုပဲ ဆိုဗီယက် ပြည်ထောင်စု အစိတ်အပိုင်း ဖြစ်ခဲ့ဖူးတဲ့ မော်လ်ဒိုဗာ နိုင်ငံကလည်း ရုရှားရဲ့ အမျိုးအမည်မသိ ပျံသန်းနေတဲ့ အရာတစ်ခုကို လေပိုင်နက်ထဲမှာ ထောက်လှမ်း တွေ့ရှိခဲ့ကြောင်း ပြောပါတယ်။ အဲဒီ အရာဟာ မိုးလေဝသ စောင့်ကြည့်လေ့လာရေး မိုးပျံပူဖောင်း တစ်ခုနဲ့ တူတယ်လို့လည်း မော်လ်ဒိုဗာက ဆိုပါတယ်။

 ဒီအခြေအနေက အမေရိကန်ကို တရုတ်ရဲ့ မိုးပျံပူဖောင်းတစ်လုံး နယ်ကျော် ရောက်ရှိခဲ့တဲ့ ဖြစ်စဉ်ကို အမှတ်ရစေပါတယ်။ အဲဒီ ပူဖောင်းဟာ အမေရိကန်နဲ့ ကနေဒါ လေပိုင်နက်တွေထဲမှာ ရက်အတန်ကြာအောင် ရှိနေခဲ့တဲ့နောက် ဖေဖော်ဝါရီ ၄ ရက်မှာတော့ အမေရိကန် လေတပ်က တောင်ပိုင်း ကာရိုလိုင်းနားပြည်နယ် ကမ်းလွန်မှာ ပစ်ချခဲ့ပါတယ်။