
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာအုပ်စုရှိ ရွာတစ်ရွာမှာ ဖခင်ဖြစ်သူက ၁၂ နှစ်အရွယ် သမီးရင်းကို အဓမ္မပြုကျင့်ခဲ့တဲ့အတွက် ဖမ်းဆီးထားပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ PSLF/TNLA က ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်ကထုတ်ပြန်ပါတယ်။
ကျောက်မဲမြို့၊ ပန်ကွမ်ကျေးရွာအုပ်စုရှိ ရွာတစ်ရွာမှာ နေထိုင်တဲ့ အသက် ၃၀ အရွယ်ဖခင်ဖြစ်သူဟာ ၆ တန်း တက်နေတဲ့ အသက် ၁၂ အနှစ်အရွယ် သမီးအရင်းကို ၂၀၂၂ ဒီဇင်ဘာလထဲမှာ အဓမ္မပြုကျင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တအာင်းလွတ်မြောက်ရေးတပ် (PSLF/TNLA) အုပ်ချုပ်ရေးဌာနက အသက်မပြည့်သေးတဲ့ သက်ငယ်မုဒိန်းမှု ကျူးလွန်သူကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
တအာင်းလွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ရဲ့ တရားစီရင်ရေးဌာနက ၂၀၂၂ ခုနှစ်၊ တနှစ်တာအတွင်းမှာ လူထုက တိုင်ကြားတဲ့ အမှုပေါင်း ၁၆၀ ကျော်ထဲ အမှုပေါင်း ၁၃၇ မှုကို စီရင်ဆုံးဖြတ်ခဲ့ပါတယ်။
ဒီ ၁၃၇ မှုထဲ အဓမ္မပြုကျင့်မှုနဲ့ ကာမလိမ်လည်မှု ၂၀ မှု ရှိခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးမှုက ၁၀၁ မှုနဲ့ အများဆုံးဖြစ်ကာ ပြစ်မှု ကျူးလွန်သူ ၁၃၇ ဦးကို အရေးယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
TNLA ဟာ တရားစီရင်ရေးဌာနကို ဗဟိုတရားရုံးအပြင် ခရိုင်တရားရုံး ၅ ရုံးနဲ့ စစ်ဆေးစီရင်နေတယ်လို့ သိရပါတယ်။