ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်က အထည်ချုပ် စက်ရုံတွေဖြစ်တဲ့ YFA နဲ့ Kingsrich Myanmar အထည်ချုပ်စက်ရုံ ပိုင်ရှင်တွေက မတရား အလုပ် ထုတ်ပယ်ခဲ့တာကြောင့် နစ်နာခဲ့တဲ့ အလုပ်သမား နှစ်ဦး အဲ့ဒီစက်ရုံပိုင်ရှင်တွေကို ရွှေပြည်သာ မြို့န ယ်တရားရုံးမှာ တရားစွဲဆိုလိုက်တယ်လို့ အဲဒီအ လုပ်သမားတွေအရေးကူညီပေးနေတဲ့ သွေးစည်း ညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဒါရိုက်တာဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
ရွှေပြည်သာမြို့နယ် က Yangon Fukuyama Appeal (YFA) နဲ့ Kingsrich Myanmar အထည် ချုပ်စက်ရုံတွေဟာ အလုပ်ခန့်ထားမှု သဘောတူစာချုပ်နဲ့ မညီဘဲ စက်ရုံအလုပ်သမားတွေဖြစ်တဲ့ မအိပိုပိုလှိုင်နဲ့ အလုပ်သမားမနှင်းဇာနည်လွင်တို့ကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ အလုပ်ထုတ်ခဲ့တာလို့ ဆိုပါတယ်။
အခုလို ဥပဒေမဲ့ အလုပ်ကထုတ်ပယ်ခဲ့တဲ့အတွက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှာ သုံးကြိမ်ညှိနှိုင်းဖြေရှင်းခဲ့ပေမယ့် ပြေလည်မှုမရရှိတာ
ကြောင့် မြို့နယ်ဦးစီးမှူးက တရားစွဲဆိုပေးရမယ့်အစား အလုပ်သမားကို တရားစွဲဖို့ စာထုတ်ပေးတဲ့အတွက် နစ်နာတဲ့ အလုပ်သမားနှစ်ဦးက တရားစွဲရတာဖြစ်တယ်လို့ ဒေါ်မျိုးမျိုးအေးက ဆိုပါတယ်။
“အလုပ်သမားက တရားစွဲနိုင်မှာမဟုတ်ဘူး အထင်နဲ့ လုပ်တဲ့အတွက် ရအောင်စွဲမယ်ဆိုပြီး ဖြစ်လာတာ၊ ဥပဒေအတိုင်း အဆုံးထိဆက်လုပ်သွားမယ်”လို့ သူက ပြောပါတယ်။
အခုလို စက်ရုံပိုင်ရှင်ကို အလုပ်သမားကနစ်နာမှုအတွ က်တရားစွဲဆိုခြင်းဟာ စက်ရုံလုပ်သားများအကြား ပထမဆုံးဖြစ်စဉ်တခုဖြစ်တယ်လို့ အလုပ် သမားအဖွဲ့အစည်းတွေက ပြောပါတယ်။
YFAစက်ရုံပိုင်ရှင်ကို တရားစွဲဆိုမှုအတွက် ဒီကနေ့မှာ ပထမဆုံးရုံးချိန်းဖြစ်ပြီး Kingsrich Myanmar အထည်ချုပ်စက်ရုံပိုင်ရှင်ကိုတော့ ဒီကနေ့မှာတရားစွဲဆိုစာ ပေးပို့ခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် အလုပ်သမားနစ်နာမှုအတွက် မြို့နယ်အလုပ်သမားဦးစီးမှူးက အလုပ်ရှင်ကို တရားစွဲဆိုရမည့်အစား တရားစွဲဆိုခွင့်စာသာ ထုတ်ပေးထားတဲ့ကျန်အမှုတွေအတွက်လည်း အလုပ်သမားတွေက တရားစွဲသွားဖို့ရှိတယ်လို့ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
“အရင်ကတော့ အလုပ်သမားတွေက ငွေကြေးအခက်အခဲကြောင့် တရားမစွဲနိုင်လို့ ငြိမ်ခံနေရတယ်၊ ကြာတော့ အလုပ်ရှင်တွေက ပိုအတင့်ရဲလာတယ်၊ အဲဒါကြောင့် တရားပြန်စွဲတဲ့လမ်းကို ရွေးလိုက်တာ”လို့သူက ပြောပါတယ်။
အခုတရားစွဲဆိုရာမှာလည်း အမှန်တရားအတိုင်း အဆုံးဖြတ်ထွက်လာဖို့ မျှော်လင့်ပြီး ထင်သလိုဖြစ်မလာပါက နိုင်ငံတကာတရားရေးအဆင့် ထိတက်ကာ အလုပ်သမားတွေရဲ့ နစ်နာမှုအတွက် အမှန်တရားရတဲ့အထိ ရင်ဆိုင်သွားမယ်လို့လည်း သူကပြောပါတယ်။
Photo – CJ (ပုံဟောင်း)
ပုံစာ – ဥပဒေမဲ့အလုပ်ထုတ်ခံရမှုကြောင့် ဆန္ဒပြနေတဲ့ အလုပ်သမားများ