ဒိုင်လူကြီးကို ထောက်ပံ့တဲ့ ဗီဒီယိုနည်းပညာ (VAR) အဆုံးအဖြတ် မှားယွင်းမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြန်တောင်းပန်တာထက် အသင်း နစ်နာဆုံးရှုံးသွားတဲ့ ရမှတ်တွေကိုသာ ပြန်လိုချင်တယ်လို့ အာဆင်နယ် မန်နေဂျာ မစ်ကယ် အာတီတာက ပြောကြားလိုက်ပါတယ်။
အာဆင်နယ်ဟာ ဘရန့်ဖို့ဒ်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ VAR စနစ်ကို ကိုင်တွယ်တဲ့ ဒိုင်လူကြီး လီမေဆန်ရဲ့ အမှားကြောင်း အနိုင်ရလဒ်ကို လက်လွတ်ခဲ့ရပါတယ်။ အဲဒီပွဲမှာ ဘရန့်ဖို့ဒ် သွင်းယူတဲ့ ချေပဂိုးက လူကျွံနေပေမယ့် မေဆန်က ပြန်လည် စစ်ဆေးဖို့ ပျက်ကွက်ပြီး ဂိုးအဖြစ် ခွင့်ပြုခဲ့တာကြောင့်ပါ။
နောက်ပိုင်းမှာတော့ အင်္ဂလန် ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးများ အစည်းအရုံး (PGMOL)ရဲ့ အကြီးအကဲဖြစ်သူ ဟောင်းဝပ်ဝက်ဘ်က ဒါဟာ စနစ်ရဲ့ အမှားမဟုတ်ဘဲ လူတစ်ဦးရဲ့ ဆုံးဖြတ်ချက် အမှားလို့ ဝန်ခံပြီး အာဆင်နယ် အသင်းကို တောင်းပန်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒီပွဲ သရေကျလိုက်တဲ့အတွက် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ အနီးကပ် ဖိအားပေးမှုကိုပါ ခံလာရပါတယ်။ စပိန်သား အာတီတာကတော့ ဆုံးဖြတ်ချက် အမှားကြောင့် နစ်နာခဲ့ရတဲ့ အာဆင်နယ်ကို တကယ်တမ်း ကျေနပ်စေချင်ရင် တောင်းပန်မနေဘဲ ဆုံးရှုံးသွားတဲ့ ရမှတ် ၂ မှတ်ကိုသာ ပြန်ပေးသင့်တယ်လို့ ဆိုပါတယ်။
ဒီလို လွဲချော်မှုမျိုးဟာ လူ့အမှား မဟုတ်ကြောင်း၊ ကိုယ့်အလုပ်ကိုယ် နားမလည်တာသာဖြစ်ကြောင်း၊ သူ့အနေနဲ့ ဒီကိစ္စမျိုးကို လက်ခံ ခွင့်လွှတ် မပေးနိုင်တဲ့ အတွက်တော့ စိတ်မကောင်းကြောင်း အာတီတာက ပြောပါတယ်။
အဲဒီ အမှားက အာဆင်နယ်ကို ၂ မှတ် နစ်နာစေခဲ့ကြောင်း၊ အဲဒီအမှတ်တွေကိုလည်း ပြန်ရတော့မှာ မဟုတ်ဘဲ အာဆင်နယ်က ပြိုင်ပွဲမှာ ပြန်ပြီး ကြိုးစားရှာဖွေရတော့မှာ ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။ အခုပြဿနာ အပြီးမှာ မေဆန်ဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် VARကို တာဝန်ယူခွင့် မရတော့ပါဘူး။
ပြီးခဲ့တဲ့ သီတင်းပတ်က VAR ဆုံးဖြတ်ချက် အမှားအယွင်းတွေ ဖြစ်ခဲ့တာဟာ အာဆင်နယ်-ဘရန့်ဖို့ဒ် တစ်ပွဲတည်း မဟုတ်ဘဲ ခရစ္စတယ်လ်ပဲလေ့စ်-ဘရိုက်တန် ပွဲမှာလည်း ဂိုးပေးရမယ့် အခြေအနေကို လူကျွံဘောအဖြစ် မှားယွင်း သတ်မှတ် ပယ်ဖျက်တာမျိုး ဖြစ်ခဲ့ပါသေးတယ်။ တစ်ပတ်တည်းမှာ ဆိုးရွားတဲ့ VAR ဆုံးဖြတ်ချက်အမှား ၂ ခု ဖြစ်ခဲ့တဲ့နောက် PGMOL အကြီးအကဲ ဝက်ဘ်က ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေကို အစည်းအဝေးတစ်ခု ခေါ်ယူ ဆွေးနွေးခဲ့ကြောင်းလည်း သိရပါတယ်။
Ref: BBC