အင်္ဂလန် ပရီးမီးယားလိဂ် ကစားသမားဟောင်း ခရစ္စတီယန် အတ်ဆုဟာ တူရကီမှာ ငလျင်ကြီး လှုပ်ခတ်ပြီး ၉ ရက် ကြာတဲ့ထိ ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။
ချဲလ်ဆီး၊ ဘွန်းမောက်သ်၊ အဲဗာတန်၊ နယူးကာဆယ်လ် ယူနိုက်တက်စတဲ့ အင်္ဂလန် ကလပ်တွေမှာ ကစားခဲ့ဖူးတဲ့ အသက် ၃၁ နှစ်အရွယ် ဂါနာလက်ရွေးစင်ဟာ လက်ရှိမှာတော့ တူရကီကလပ် ဟာတေစပေါနဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၆ ရက်က တူရကီမှာ ရစ်ချ်တာစကေး ၇.၈ အဆင့် အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် အတ်ဆုဟာ အသင်းနဲ့ရော၊ မိသားစုနဲ့ပါ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။ အစောပိုင်းတုန်းက သူ့ကို အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့ကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမယ့် မိသားစုနဲ့ မိတ်ဆွေရင်းချာတွေက ငြင်းဆိုပြီး အတ်ဆု ဘယ်မှာ ရှိနေတယ်ဆိုတာ အခုထိ မသိသေးကြောင်း ပြောခဲ့ပါတယ်။
သူပျောက်ဆုံးနေတဲ့ သတင်းတွေအပြီး တစ်ရက်အတွင်း နောက်ဆက်တွဲ ထွက်ပေါ်လာတဲ့ ကောလာဟလတွေမှာ အတ်ဆုကို အပျက်အစီးပုံတွေ အောက်ကနေ အသက်ရှင်လျက် ပြန်ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ သူဟာ အမြင့်က ပြုတ်ကျခဲ့ပေမယ့် အသက်ရှင်ခဲ့ကြောင်း ဖော်ပြထားခဲ့ဖူးပါတယ်။ လက်တွေ့မှာတော့ အခုထိ အတ်ဆုရဲ့ အခြေအနေက သေသလား၊ ရှင်သလား မသိသေးတဲ့ သဘောပါ။
အတ်ဆုရဲ့ အေးဂျင့်ဖြစ်သူက သူဟာ နေ့တိုင်းလိုလို ဟာတေမြို့က အပျက်အစီးပုံတွေဆီ အတ်ဆုရဲ့ မိသားစုနဲ့အတူ သွားရောက်ပြီး သတင်းစောင့်လေ့ရှိကြောင်း၊ ခုထိတော့ ကစားသမားနဲ့ ပတ်သက်လို့ ဘာသတင်းမှ မကြားသေးကြောင်း ပြောပါတယ်။ လက်ရှိ တူးဖော်ထားမှု အခြေအနေတွေအရ အတ်ဆုရဲ့ ဖိနပ်နှစ်ရန်ကိုတော့ ရှာတွေ့ထားကြောင်း၊ ကိုယ်အပူချိန် တိုင်းတာတဲ့ ကိရိယာတွေရဲ့ ညွှန်ပြချက်အရ အပျက်အစီးတွေအောက်မှာ အသက်ရှင် ကျန်နေသူ ၅ ယောက်လောက် ရှိဦးမယ်လို့ မျှော်လင့်နေပေမယ့် တကယ်တမ်း သေချာခိုင်မာတဲ့ အထောက်အထား ဖြစ်ဖို့ကတော့ အသံပေးတာ၊ တစ်ခုခု တုံ့ပြန်တာ၊ ဒါမှမဟုတ် မျက်မြင်တွေ့ရတာမျိုးတွေ ရှိဖို့လိုကြောင်း၊ အခုထိတော့ အတ်ဆု ဘယ်မှာလဲ ဆိုတာကို မသိသေးကြောင်း အေးဂျင့်ဖြစ်သူက ရှင်းပြပါတယ်။
တူရကီမှာ ရစ်ချ်တာစကေး ၇.၈ နဲ့ ၇.၄ အဆင့်ရှိ ငလျင်ကြီးနှစ်ခုဟာ နာရီပိုင်းလောက်ခြားပြီး လှုပ်ခတ်ခဲ့တာပါ။ လက်ရှိအချိန်ထိ ငလျင်ဒဏ်ကြောင့် တူရကီနဲ့ အိမ်နီးချင်း ဆီးရီးယားတို့မှာ သေဆုံးသူဦးရေ ၄၁၀၀၀ ထိ ရှိလာကြောင်း သိရပါတယ်။
Ref: Goal