အိမ်နီးချင်းနိုင်ငံတွေနဲ့မိတ်ဖက် ဆက်ဆံရေး လက်တွေ့ကျကျတည်ဆောက်ဖို့ ယာယီသမ္မတတိုက်တွန်း

ဖေဖော်ဝါရီ၁၄

နွေဦးတော်လှန်ရေး အဆုံးသတ်အောင်ပွဲရယူဖို့အတွက် ပြည်တွင်းမဟာမိတ်ညီညွတ်ရေးအင်အား တည်ဆောက်ရမှာဖြစ်သလို အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း မိတ်ဖက်ဆက်ဆံရေးလက်တွေ့ကျကျ တည်ဆောက်ဖို့လိုတယ်လို့ NUG ယာယီသမ္မတဒူဝါလရှီးက တိုက်တွန်းလိုက်ပါတယ်။

“အိမ်နီးချင်းနိုင်ငံတွေထဲမှာ နွေဦးတော်လှန်ရေးအပေါ် မတူတဲ့သဘောထား ထင်မြင်ချက်တွေ ရှိတာကို နားလည်ပြီး လက်တွေ့ကျတဲ့ သံခင်းတမန်ခင်း မူဝါဒတွေနဲ့ ရှေ့ဆက်ဖို့ လိုတယ်လို့ ယူဆပါတယ်” လို့သူက ပြောပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ခြောက်ကြိမ်မြောက်အစည်းအဝေးကို ဒီကနေ့ကျင်းပပြီး ယာယီသမ္မတ ဒူဝါ လရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးအဖွင့် မိန့်ခွန်းမှာ သမ္မတက ခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ 

တော်လှန်ရေးအဆုံးသတ်အောင်ပွဲကို ဆင်နွဲနိုင်ဖို့အတွက် ပြည်တွင်းကမဟာမိတ်ညီညွတ်မူအင်အားကို တည်ဆောက်ထားနိုင်ရုံသာမက ပြည်တွင်းရေးဟာ ပထဝီနိုင်ငံရေးနှင့်လည်း တိုက်ရိုက်ဆက်စပ်နေတာမို့ မတူညီတဲ့စနစ်၊ မတူညီတဲ့နောက်ခံလူ့အဖွဲ့အစည်းရှိကြတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း မဟာမိတ်ဆက်ဆံရေး ဖြစ်အောင် ကြိုးပမ်းရမယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတွင်းက အဖွဲ့အားလုံးဟာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ စိတ်အားထက်သန်နေကြပြီး ဒီဘုံသဘောတူညီချက်မှာ အားလုံးစုစည်းလာကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ခြောက်ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောဆိုလိုက်ပါသေးတယ်။

ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၆) နှစ်မြောက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ တိုင်းရင်းသား မဟာမိတ်တော် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်း အသီးသီးက NUG အစိုးရအဖွဲ့ကို သဝဏ်လွှာပေးပို့ခဲ့ကြပြီး အဆိုပါ သဝဏ်လွှာတွေပါ အကြောင်းအရာကို အခြေခံကာ ယာယီသမ္မတက ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

“ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ထူးထူးခြားခြား တွေ့မြင်ခဲ့ရတာကတော့ ယခု လက်ရှိအချိန်မှာ ဖက်ဒရယ်ရေးအတွက် အားလုံးသော အင်အားစုတွေဟာ စိတ်ဆန္ဒဇော ထက်သန်ပြင်းပြမှု ရှိတယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒါဟာ လက်ရှိ နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေးဘုံသဘောတူညီချက် / နိုင်ငံရေးဘုံရည်မှန်းချက်မှာ အားလုံး စုစည်းလာကြတယ်ဆိုတာကို အထင်အရှားပြနေတာ ဖြစ်ပါတယ်” လို့ယာယီသမ္မတက ဆိုပါတယ်။

သမ္မတက သူ့မိန့်ခွန်းမှာ ထန်တလန်မြို့ရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ချင်းအမျိုးသားတပ်ဦးနဲ့ ကာ ကွယ်ရေးအဖွဲ့ဝင်တွေရဲ့ စွမ်းရည်ကိုလည်း ဦးညွတ်လေးစားကြောင်း ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။ 

NUG အစိုးရရဲ့ နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်တွေဟာ မိမိတို့ရဲ့ အရည်အသွေးနဲ့ နိုင်ငံရေး အမျော်အမြင်ကို ပိုမိုအားကောင်းအောင် တည်ဆောက်ကြဖို့လည်း ယာယီသမ္မတက တိုက်တွန်းပြောဆိုသွားပါတယ်။ 

“ကျွန်တော်တို့ဟာ ယေဘုယျရှုမြင်ချက်တွေနဲ့ပဲ ရှေ့ဆက်လို့ မရပါဘူး၊ တိတိကျကျ ဆုပ်ဆုပ်ကိုင်ကိုင်ပြလို့ ရမယ့် နိုင်ငံရေး ရလဒ်တွေကို ပြည်သူတွေကို ပေးဝေဖို့ လိုနေပါပြီ၊ လူထုနဲ့ ယုံကြည်မှု တည်ဆောက်တဲ့အခါမှာ လက်တွေ့ရလဒ်နဲ့ စည်းရုံးမှုတွေကသာလျှင် ရေရှည်တည်တံ့တယ်ဆိုတာ ကျွန်တော်တို့ NUG အစိုးရအဖွဲ့ဝင် အားလုံးကို သိစေချင်ပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ 

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလ က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ 

အခုကာလဟာ သမိုင်းတလျှောက် အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အားအနည်းဆုံး နဲ့ ချိနဲ့ပြိုလဲကျဖို့ အကောင်းဆုံး အချိန်ဖြစ်နေပြီဆိုတာ အားလုံးသဘောပေါက်တာနဲ့အညီ အဘက်ဘက်ကနေ ထောင့်စေ့အောင် ကြိုးစား အားထုတ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုသန်းက တိုက်တွန်းပြောဆိုခဲ့ပါတယ်။ 

အစည်းအဝေးမှာ ပညာရေး၊ အမျိုးသမီးရေးရာ၊ကလေးသူငယ်အရေးတို့ကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာ နပုဂ္ဂိုလ်တွေက ဆွေးနွေးမှုတွေလုပ်ခဲ့ကြတယ်လို့သိရပါတယ်။