တနင်္သာရီတိုင်း၊မြိတ်မြို့နယ်က ဒေသခံ ဇနီးမောင်နှံနှစ်ဦးဟာ ဖေဖော်ဝါရီ(၁၃)ရက် မနေ့က ကျရောက်တဲ့ (၁၀၈)နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲပြုတ်နံပြား ဝေငှကျွေးမွေးခဲ့လို့ ဒေသအခြေစိုက် စစ်တပ်က ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြိတ်မြို့နယ်၊ အလယ်ကျွန်းနယ်မြေ ပါရမီရပ်ကွက်မှာနေထိုင်တဲ့ အဲ့ဒီဇနီးမောင်နှံကို မနေ့က နေ့လယ်ပိုင်းမှာပဲ စစ်တပ်က ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
“ပဲပြုတ်နဲ့နံပြားကျွေးလို့ဆိုပြီး သူတို့ကို ခေါ်စစ်တာပေါ့၊ ဘာလို့ကျွေးတာလည်း ၊ NLDပါတီဝင်တွေလားပေါ့၊ အဲ့လို တွေမေးပြီး ပထမစစ်နေတာ၊ သူတို့နာမည်တော့မပြောတော့ဘူး၊ စစ်တော့ သူတို့က နိုင်ငံရေးရည်ရွယ်ချက်မပါတာကြောင့် ပြန်လွှတ်ပေးလိုက်တယ်”လို့ ဖြစ်စဥ်ကို သိရှိတဲ့ဒေသခံတဦးက ပြောပါတယ်။
လက်ရှိမှာတော့ ခေါ်ယူစစ်ဆေးခံရတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ နေအိမ်ကိုပြန်လည်ရောက်ရှိနေပြီလို့ဆိုပါတယ်။ စစ်တပ်က ခေါ်ယူစစ်ဆေးတာခံခဲ့ရတဲ့ ဇနီးမောင်နှံဟာ နှစ်စဉ် ဗိုလ်ချုပ်မွေးနေ့တိုင်းမှာ အခုလိုကျွေးမွေးလေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မနေ့က ဗိုလ်ချုပ်မွေးနေ့မှာ မြို့ပြဒေသတွေက ပြည်သူတချို့ ပဲပြုတ်နဲ့နံပြား ဝေငှကျွေးမွေးကြတာရှိသလို တော်လှန်ရေး အဖွဲ့အစည်းတချို့ကလည်း ပဲပြုတ်နဲံ့နံပြား ကျွေးမွေးကြတာ ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် တော်လှန်ရေး သပိတ်လှုပ်ရှားမှုတွေ လုပ်ကြတာတွေ ရှိခဲ့ပါတယ်။