ထိုင်းနိုင်ငံအတွင်းမှာ ရွေ့ပြောင်းအလုပ်သမားတွေအတွက် တားမြစ်ထားတဲ့ အလုပ်တွေကို လုပ်ကိုင်နေသူတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးအရေးယူမှုတွေပြုလုပ်နေပြီး အများအားဖြင့် လမ်းဘေးဈေးသည်များနှင့် ကယ်ရီပို့ဆောင်သူများ ဖမ်းဆီးခံနေရကြောင်း သိရပါတယ်။
“ သူတို့နိုင်ငံမှာနေရင် သူတို့ဉပဒေကိုလေ့လာပြီး သိအောင်လုပ်ထားရမယ်။ ဘာတွေကတော့ ဉပဒေနဲ့ မညီဘူးဆိုတာကို သိထားဖို့လိုတယ်။ သိထားပြီးရင်လည်း လိုက်နာဖို့လိုတယ် ” လို့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)ရဲ့ အမှုဆောင် ဒါရိုက်တာ ဉီးထူးချစ်က ပြောပါတယ်။
ထိုင်းနိုင်ငံကို တရားဝင် MOU စနစ်သာမကတရားဝင်အထောက်အထားနဲ့ ဖြစ်စေ ကော်လံပြာ အလုပ်သမားအဖြစ်လာရောက် အလုပ်လုပ်ကိုင်ကြသူတွေအတွက် တားမြစ်ထားတဲ့ အလုပ်အကိုင် ၂၈ မျိုးရှိပါတယ်။
“ သူတို့တားမြစ်ထားတဲ့ အလုပ်တွေထဲကနေ အခု မဲဆောက်မှာဆိုရင်တော့ ဆိုင်ကယ် ကယ်ရီဆွဲတဲ့သူတွေကို ဖမ်းတယ်ပေါ့နော်။ အခုရက်ပိုင်းထဲ မဲဆောက်ဈေးထဲမှာ စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေတယ် ” လို့ ဘေးတွဲပါတဲ့ ဆိုင်ကယ်နဲ့ ကယ်ရီဆွဲတဲ့ ကိုစိုးနိုင်က ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေက ဘန်ကောက်၊ ချင်းမိုင်၊ မဟာချိုင်နဲ့ မဲဆောက်မှာရှိနေတဲ့ တရားမဝင်နေထိုင်သူတွေနဲ့ ထိုင်းနိုင်ငံကို အလုပ်သမားအနေနဲ့ လာရောက်သူတွေအတွက် ကန့်သတ်တားမြစ်ထားတဲ့ အလုပ် လုပ်ကိုင်သူတွေကို ဖမ်းဆီးအရေးယူတာတွေ အခုရက်ပိုင်းအတွင်းလုပ်လာတာဖြစ်ပါတယ်။
အရင်က ဉပဒေအရ ကန့်သတ်တားမြစ်ထားတဲ့ အလုပ် ၂၈ မျိုးရှိခဲ့ပြီး အခုနောက်ပိုင်းမှာ ပြင်ဆင်ဖြေလျော့တာတွေရှိခဲ့ပေမယ့် ပုဂ္ဂလိက စီးပွားရေးအတွက် ဈေးရောင်းခြင်းနဲ့ ဆိုင်ကယ် တက္ကစီမောင်းခြင်းတွေကိုတော့ ကန့်သတ်ထားဆဲဖြစ်ပါတယ်။