စစ်ကိုင်းတိုင်းက စစ်ကောင်စီကို ဆန့်ကျင်တော်လှန်မှုအားကောင်းတဲ့ မြို့နယ်တခုဖြစ်တဲ့ ကလေးမြို့၊မြို့လယ်က တာဟန်းဈေးအနီးမှာ ဒီကနေ့ ဖေဖော်ဝါရီ၁၄ရက် မနက်ပိုင်းက နေအိမ်တအိမ်မီးလောင်ခဲ့ပေမယ့် မီးသတ်ဌာနက လာရောက်ငြှိမ်းသတ်တာမရှိလို့ ပြည်သူတွေဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတယ်လို့ မြို့ခံတွေက DNA ကိုပြောပါတယ်။
ဒါဟာ အခုနှစ်နှစ်လအတွင်း ကလေးမြို့နယ်မှာဖြစ်ခဲ့တဲ့ မီးးလောင်မှုတွေကို မီးသတ်ဌာနက လာရောက်ငြှိမ်းသတ် ပေးခြင်းမရှိတဲ့ ဒုတိယမြောက်ဖြစ်စဉ်ဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။
“လျှပ်စစ်ရှော့ဖြစ်ပြီးလောင်တာလို့ ပြောနေကြတာပဲ၊အနီးအနားကလူတွေပဲ မီးမကူးအောင်ငြှိမ်းကြရတာပေါ့၊ မီး သတ်ကားမလာဘူး၊ကျွန်တော်တို့ပြည်သူတွေမှာက ပြည်သူချင်းပဲအားကိုးစရာရှိတယ်၊မီးသတ်ကားမှမဟုတ်ဘူး၊ ကျန်းမာရေးကစ စစ်ကောင်စီလက်အောက်ဌာနတွေကို အားကိုးရာလို့ ပြည်သူတွေကမမြင်တော့ဘူး၊ မဆက် ဆံ ရမယ့်ဟာလို့ပဲထင်နေ၊သဘောထားနေကြတာ အာဏာသိမ်းကတည်းကပဲလေ” လို့ မြို့ခံတဦးကပြောပါတယ်။
မီးလောင်မှုဖြစ်တဲ့နေရာဟာ စစ်ကောင်စီ ကင်းတဲရှိရာ နေရာနဲ့ မလှမ်းမကမ်းမှာဖြစ်ပြီး မီးလောင်မှုဖြစ်ချိန်မှာ အဲ့ဒီ ကင်းတဲမှာရှိနေတဲ့ စစ်သားတွေက ကလေးမီးသတ်ရုံးကို အကြောင်းကြားမကြားမသိရပါဘူး။
ဒီကနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ခဲ့တဲ့ တာဟန်းဈေးအနီးတဝိုက်ဟာ ကလေးမြို့အလယ်ပိုင်းမှာရှိတဲ့ မြို့နယ်မီး သတ်ဌာနနဲ့ နှစ်မိုင်ဝန်းကျင်အကွာ ကားနဲ့ ဆယ်မိနစ်ဝန်းကျင်ခရီးလောက်ပဲ ဝေးပါတယ်။
မီးလောင်တဲ့အိမ်ဟာ ဆိုင်ခန်းနဲ့တွဲရက်ဖြစ်ပြီးနေအိမ်ရော၊ဆိုင်ခန်းနှစ်ခန်းပါအားလုံးလောင်ကျွမ်းသွားခဲ့တာဖြစ်ပြီး လူထိခိုက်မှုမရှိဘူးလို့သိရပါတယ်။ကလေးမြို့တာဟန်းရပ်ကွက်ဟာ နွေဦးတော်လှန်ရေးအစောပိုင်းကတည်းက စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေကို ကြံ့ကြံ့ခံခဲ့တဲ့ သပိတ်စခန်းရှိခဲ့တာကြောင့် လူသိများတဲ့ ရပ်ကွက်တခု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလဆန်းပိုင်းကလည်း ကလေးမြို့အနောက်ဘက် စက္ကန့်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်း က မီးရှို့တဲ့အတွက် ရွာမီးလောင်နေချိန် မီးငြှိမ်းသတ်ပေးဖို့ ရွာသားတွေက ကလေးမြို့မီးသတ်ဌာနကို အကြောင်း ကြားရာမှာ လုံခြုံရေးအကြောင်းပြပြီး လာရောက်ငြှိမ်းသတ်ခြင်းမရှိခဲ့ဘူးလို့ ဒေသခံတွေကပြောပါတယ်။
အဲ့ဒီတုန်းကလည်း လာရောက်မီးငြှိမ်းသတ်ပေးခြင်းမရှိတဲ့ မီးသတ်ဌာနနဲ့ အဖွဲ့ဝင်တွေကို ကလေးဒေသခံ ကာ ကွယ်ရေးတပ်ဖွဲ့ကတိုက်ခိုက်မယ်လို့ ထုတ်ပြန်သတိပေးတာမျိုးရှိခဲ့ပါတယ်။