ကန့်ဘလူမှာ စစ်တပ်လက်နက်ကြီးကြောင့် ဒေသခံတဦးဒဏ်ရာရ၊ ကောလင်းမှာ ပကဖတဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်မှာ ဖေဖော်ဝါရီ၁၃ရက် မနေ့ကကောလင်းမြို့နယ်အရှေ့ပိုင်းနတ်ကြီးခုံရွာက ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဖြစ်တဲ့  အသက်နှစ်ဆယ် အရွယ်ချစ်ဖောင်းဆိုသူကို စစ်တပ်က ဖမ်းမိသွားပြီး နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ကောလင်း PDF တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံ J2 က DNAကိုပြောပါတယ်။

 “စစ်ကောင်စီတပ်သားတွေ နတ်ကြီးခုံထဲကိုရောက်လာပြီလားဆိုတာကို သတင်းလှမ်းထောက်ရင်း ရွာသားတွေ ရှိသေးရင် ပြောလို့ရအောင်ဆိုပီး ပြန်ဝင်တဲ့အခါမှာ ဖမ်းမိသွားတာပါ၊ ဖမ်းမိပြီးတော့ကို ထွက်ပြေးသေးတယ်ဗျ၊ မလွတ်တာ”လို့သူကပြောပါတယ်။

 စစ်ကောင်စီတပ်တွေဟာ နတ်ကြီးခုံရွာကို မနေ့ကမနက်အစောပိုင်း လေးနာရီအချိန်မှာဝင်ရောက်ခဲ့တာ ဖြစ်ပြီး ဖမ်းဆီးခံလိုက်ရတဲ့ ပကဖအဖွဲ့ဝင် ကိုချစ်ဖောင်းကိုတော့ တာရွာဘက်အရောက်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

 အဲ့ဒီလိုသတ်ဖြတ်ခဲ့တဲ့အကြောင်းကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဆက်သွယ်ရေးစက်လိုင်းထဲ နှောင့် ယှက်ဝင်ရောက်ပြောဆိုခဲ့တယ်လို့ ကောလင်း PDF တပ်ရင်း (၁) ပြန်ကြားရေးတာဝန် ခံကပြော ပါတယ်။

 နတ်ကြီးခုံရွာက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တာရွာအရောက်မှာ ဒေသခံငါးဆယ်ဝန်း ကျင်လောက် ကိုဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူတွေကို အခန်းထဲထည့်ပိတ်ကာ စစ်တပ်ကိုသာ ယုံကြည် ထောက်ခံဖို့ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကိုမယုံဖို့သွေးထိုးစည်းရုံးပြီးနောက် ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။

 အလားတူကန့်ဘလူမြို့နယ် သိန်ရင်ဆည်အနီးကျေးရွာတွေဘက်ကို စစ်တပ်က ဟောင်ဝစ်ဇာအဝေး ပစ် လက်နက် ကြီးတွေနဲ့ပစ်ခတ်လို့ ဒေသခံတဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

 ကန့်ဘလူမြို့နယ်တောင်ခြမ်း သိန်ရင်ဆည်အနီးကျေးရွာတွေဘက်ကို ဖေဖော်ဝါရီ ၁၃ ရက်မနေ့က  နေ့ လယ်ပိုင်း မှာ ကန့်ဘလူအခြေစိုက် စစ်ကောင်စီတပ်ထဲကနေ ဟောင်ဝပ်ဇာ ငါးချက်အကြောင်း မဲ့ပစ် ခတ်ခဲ့တာဖြစ်ပြီး  အင်းလယ်ကြီးရွာအတွင်းက စာသင်ကျောင်းအနီးမှာ တလုံး၊အင်းလယ်ကြီးရွာနဲ့ သ ရက်တာရွာအနီးမှာ လေးလုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကန့်ဘလူဒေသတွင်းသတင်းတွေကို ဖော်ပြ ပေးနေတဲ့ Infinity Group ကပြော ပါတယ်။

 အင်းလယ်ကြီးရွာထဲမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကျည်ကြောင့် ရွာထဲက အရပ်သား ပြည်သူတဦး ပေါင်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နွားတကောင်သေဆုံးခဲ့တယ်လို့သိရပါတယ်။