မော်လ်ဒိုဗာမှာ အစိုးရ အပြောင်းအလဲဖြစ်အောင် ရုရှား ကြံစည်နေတယ်လို့ သမ္မတပြော

ရုရှားဟာ သူ့နိုင်ငံမှာ အစိုးရ အပြောင်းအလဲ ဖြစ်လာအောင် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော် ဖန်တီးနေကြောင်း မော်လ်ဒိုဗာ သမ္မတက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

 အနောက်မဟာမိတ်တွေကို လိုလားတဲ့ သူ့နိုင်ငံကို ဥရောပ သမဂ္ဂနဲ့ သွားမပေါင်းစည်းနိုင်အောင်နဲ့ ယူကရိန်း စစ်ပွဲမှာ ဆက်စပ် အသုံးချနိုင်အောင် ရုရှား အစိုးရက ပြည်ပကနေ လှုံ့ဆော် လုပ်ဆောင်နေတယ်လို့ သမ္မတ မိုင်ရာ ဆန်ဒူက ဆိုပါတယ်။

 ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သူ့ရဲ့ စစ်ထောက်လှမ်းရေး အရာရှိတွေဟာ ရုရှားအနေနဲ့ မော်လ်ဒိုဗာကို ဖျက်ဆီးဖို့ စီမံကိန်းတစ်ခု အကောင်အထည် ဖော်နေကြောင်း ထုတ်ပြောခဲ့ပြီးတဲ့နောက် ဆန်ဒူကပါ အခုလို စွပ်စွဲလာတာ ဖြစ်ပါတယ်။

 မော်လ်ဒိုဗာဟာ ယူကရိန်းနဲ့ နယ်စပ်ချင်း ထိစပ်နေသလို ယူကရိန်းနည်းတူ ဆိုဗီယက် ပြည်ထောင်စုဟောင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ ဆန်ဒူက သူတာဝန်ယူ အုပ်ချုပ်နေတဲ့ နိုင်ငံငယ်လေးအပေါ် ရုရှားရဲ့ သဘောထားကိုရော၊ မော်လ်ဒိုဗာကနေ ခွဲထွက်ဖို့ စိုင်းပြင်းနေတဲ့ ထရန်စ်နီစထရီးယား ဒေသမှာ ရုရှားတပ်တွေ ဖြန့်ကျက်ထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ပါ အလေးအနက် စိုးရိမ်တယ်လို့ ဆိုပါတယ်။

 ဒါပေမဲ့ မော်လ်ဒိုဗာမှာ ဆူပူမှုတွေ၊ ပြဿနာတွေ ဖြစ်လာအောင် ဖန်တီးချင်တဲ့ ရုရှားရဲ့ အားထုတ်မှုတွေ အထမြောက်မှာ မဟုတ်ကြောင်း၊ မော်လ်ဒိုဗာဟာ ပြည်သူတွေနဲ့ နိုင်ငံရဲ့ လုံခြုံရေးကို အဓိက အလေးထားပြီး ငြိမ်းချမ်းမှု၊ တရားဥပဒေ စိုးမိုးမှုတွေကို အစွမ်းကုန် ကာကွယ် ထိန်းသိမ်းသွားမှာဖြစ်ကြောင်း ဆန်ဒူက သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောဆိုသွားပါတယ်။

 အမေရိကန် အစိုးရကတော့ မော်လ်ဒိုဗာက ရုရှားအပေါ် အခုလို စွပ်စွဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာ အတည်မပြုနိုင်ပေမယ့် အလေးအနက် စိုးရိမ်ရမယ့် ပြဿနာ တစ်ခုလို့ မှတ်ချက်ပေးခဲ့ပါတယ်။ နောက်ပြီး ဒီလုပ်ရပ်မျိုး ဆိုတာကလည်း ရုရှားရဲ့ အလေ့အထတွေထဲက တစ်ခုလို့ သတ်မှတ်နိုင်တယ်လို့ အိမ်ဖြူတော် အမျိုးသား အကြံပေး ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက ပြောကြားသွားခဲ့ပါတယ်။