ယူကရိန်းမှာ ရုရှားရဲ့ အင်အား အလုံးအရင်း ထိုးစစ်သစ် စတင်နေပြီလို့ NATO အကြီးအကဲ သုံးသပ်

ယူကရိန်းမှာ ရုရှားရဲ့ နောက်ထပ် အင်အားအလုံးအရင်း ထိုးစစ်သစ်ကြီး စတင်နေပြီလို့ သတ်မှတ်နိုင်ကြောင်း NATO မဟာမိတ်အဖွဲ့ အကြီးအကဲက မှတ်ချက်ပေး ပြောဆိုလိုက်ပါတယ်။

 ရုရှားဟာ ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲ တစ်နှစ်ပြည့်မယ့် ဖေဖော်ဝါရီ ၂၄ ရက် ဝန်းကျင်မှာ နောက်ထပ် အင်အား အလုံးအရင်းနဲ့ ထိုးစစ်အသစ် တစ်ခုကို အစပြုလာနိုင်ကြောင်း ကာလရှည်ကြာ ထင်ကြေးပေးမှုတွေ ရှိနေခဲ့ပါတယ်။ အခုတော့ လအတော်ကြာ ကြိုတင် မှန်းဆထားတဲ့ ထိုးစစ်သစ် စတင်လာနေပြီလို့ ယူဆနိုင်ကြောင်း NATOရဲ့ အတွင်းရေးမှူးချုပ် ဂျန် စတိုလ်တန်ဘက်ဂ်က ပြောပါတယ်။

 ဖေဖော်ဝါရီ ၁၃ ရက်ကစလို့ ယူကရိန်း အရှေ့ပိုင်း၊ ဒွန်းဘက်စ် ပြည်နယ်မှာရှိတဲ့ ဘက်ခ်မတ်မြို့ကို ရုရှားက လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ် တိုက်ခိုက်နေခဲ့ပါတယ်။ ဘက်ခ်မတ်မှာရှိတဲ့ ယူကရိန်း စစ်တပ် ခံစစ်ကြောင်းတွေ အားပျော့သွားတာနဲ့ နောက်ဆက်တွဲ မြေပြင်ထိုးစစ်ကို ရင်ဆိုင်ရမယ်လို့ ယူကရိန်း စစ်ဘက် အကြီးအကဲတွေက ယူဆထားကြပါတယ်။

 ယူကရိန်းဟာ ဆောင်းရာသီ မဝင်ရောက်ခင်ထိ ရုရှားအပေါ် စစ်ရေးအရာ အသာစီး အခြေအနေတချို့ ရခဲ့ပေမယ့် ဆောင်းတွင်းမှာတော့ စစ်ပွဲတွေက အရှိန်တန့်သွားခဲ့ပါတယ်။ ဒီအတောအတွင်း ဘက်ခ်မတ် တ​ဝိုက်မှာ ရုရှားက ဆောင်းတွင်း တစ်တွင်းလုံး စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ပြီး ပတ်ဝန်းကျင် ဧရိယာတွေကို ထိန်းချုပ်လာနေခဲ့ပါတယ်။ အခုအခါမှာတော့ ရုရှားရဲ့ နာမည်ကျော် Wagner ကြေးစားတပ်က ဦးဆောင်ပြီး မဟာဗျူဟာအရ အချက်အခြာကျတဲ့ ဘက်ခ်မတ်ဆီ ချီတက်ဖို့ ပိုမို အားထုတ်လာသလို တိုးတက်မှုတွေလည်း ရှိနေတယ်လို့ ယူကရိန်းက ဝန်ခံပါတယ်။

 လက်ရှိ အနေအထားအရ ဘက်ခ်မတ်မှာ အခိုင်အမာ ခံစစ်ပြင်ထားသလို မြို့အဝင်အထွက်ကိုလည်း တင်းကျပ်ထားလိုက်ပါတယ်။ စစ်ရေး အတွေ့အကြုံရှိတဲ့၊ စစ်သင်တန်း တက်ထားဖူးတဲ့ ယူကရိန်း နိုင်ငံသားတွေကိုသာ မြို့ထဲ ဝင်ခွင့်ပေးပြီး မြို့ကို အစွမ်းကုန် ကာကွယ်ဖို့ ပြင်ဆင်နေပါတယ်။ ရုရှားကတော့ လတွေနဲ့ချီ ကြာမြင့်အောင် တောက်လျှောက် အခြေအနေ ဆိုးခဲ့ရာက လောလောလတ်လတ် ပြန်ရလာတဲ့ အောင်မြင်မှုကို အဓွန့်ရှည်အောင် အားထုတ်ပြီး ဘက်ခ်မတ်ကို သိမ်းယူဖို့ အစွမ်းကုန် ကြိုးစားနေတာပါ။

 ဘက်ခ်မတ်ကို သိမ်းယူရေးဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်အတွက်တော့ အရေးပါတဲ့ ရည်မှန်းချက် တစ်ခုလို့ ယူဆနိုင်ပြီး ယူကရိန်းရဲ့ စက်မှုရပ်ဝန်းတွေ ဖြစ်တဲ့ ဒွန်းဘက်စ်နဲ့ လူဟန့်စ်ခ် ပြည်နယ်တွေကို အပြည့်အဝ သိမ်းယူနိုင်ရေးမှာ အဲဒီမြို့က အရမ်း အရေးပါနေပါတယ်။

 စတိုလ်တန်ဘက်ဂ်ကတော့ ဘက်ခ်မတ်ကို အသည်းအသန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဟာ ရုရှား ထိုးစစ်သစ်ရဲ့ အဦးအစ ခြေလှမ်းလို့ မှတ်ချက် ပေးပါတယ်။ မြို့ရော၊ မြို့ပတ်ဝန်းကျင် ဆင်ခြေဖုံးတွေပါ သွေးပျက်လောက်စရာ လက်နက်ကြီး ဒဏ်ကို အလူးအလဲ ခံနေရတယ်လို့ ယူကရိန်းရဲ့ ဆဗိုဘိုဒါ တပ်ရင်း ဒုတိယ တပ်ရင်းမှူး ဗိုလိုဒီမာ နာဇာရန်ကိုက ဝန်ခံပါတယ်။

 ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ သူတို့ရဲ့ တပ်တွေဟာ ရှေ့တန်း တစ်နေရာမှာ ကီလိုမီတာ နည်းနည်းချင်းစီ ရှေ့တိုး ချီတက်နေကြောင်း ထုတ်ပြန်ပေမယ့် ဘယ်နေရာလဲ ဆိုတာကိုတော့ အတိအကျ မပြောပါဘူး။ ယူကရိန်း ခံစစ်တွေဟာ ဆောင်းတွင်း တလျှောက်လုံး ဘက်ခ်မတ်တဝိုက်မှာ ရုရှားရဲ့ အကဲစမ်း တိုက်ခိုက်မှုတွေကို အကြိမ်ကြိမ် တွန်းလှန်ခဲ့ပေမယ့် အခုအခါမှာတော့ ပိုမိုပြင်းထန်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။