ပထမဆုံး သွင်းဂိုးကြောင့် စိတ်သက်သာရာ ရနေတဲ့ လီဗာပူးလ် တိုက်စစ်မှူး ဂက်ခ်ပို

လီဗာပူးလ်အတွက် ပထမဆုံးအကြိမ် ဂိုးသွင်းနိုင်ခဲ့တာကြောင့် စိတ်သက်သာရာ ရမိတယ်လို့ ကိုဒီဂက်ခ်ပိုက ဝန်ခံခဲ့ပါတယ်။

 အသက် ၂၃ နှစ်အရွယ် နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမားဟာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားခဲ့တဲ့နောက် ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။

 သူဟာ အန်းဖီးလ် အခြေစိုက် ကလပ်အသင်းမှာ အထိုင်ကျဖို့ လပိုင်းလောက် ရုန်းကန်ခဲ့ရပေမယ့် ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းက အဲဗာတန်နဲ့ ယှဉ်ပြိုင်တဲ့ မာဆေးဆိုက် ဒါဘီမှာ ပထမဆုံးအကြိမ် ဂိုးသွင်းခဲ့ပါတယ်။ ဂက်ခ်ပိုဟာ လီဗာပူးလ်အတွက် ၇ ပွဲမြောက်မှာ ဂိုးစသွင်းခဲ့တာလည်း ဖြစ်ပါတယ်။

 သူ့အနေနဲ့ သွင်းဂိုးကြောင့် တစ်ဦးတည်း ခံစားချက် အရရော၊ အသင်းအနိုင်ရအောင် ကူညီနိုင်ခဲ့တဲ့ အတွက်ပါ ပျော်ရွှင်မိတယ်လို့ ဂက်ခ်ပိုက ဆိုပါတယ်။

 အသင်းဖော် ထရန့် အလဇန္ဒား အာနိုးလ်ရဲ့ ကောင်းမွန်တိကျတဲ့ ပေးပို့မှုကို သူ့အနေနဲ့ အလွယ်တကူပဲ အဆုံးသတ်နိုင်ခဲ့ကြောင်း၊ ဒီဂိုးကို သွင်းယူနိုင်ခဲ့ချိန်မှာ အတော်ကြီး စိတ်သက်သာရာ ရသွားတယ်လို့လည်း သူက ဆိုပါတယ်။

 လီဗာပူးလ်ဟာ အဲဗာတန် အသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အီဂျစ် တိုက်စစ်မှူး မိုဟာမက် ဆာလားက အဖွင့်ဂိုးနဲ့ ဂက်ခ်ပိုက ဒုတိယဂိုးတွေ သွင်းခဲ့တာပါ။ ဒီပွဲအပြီး လီဗာပူးလ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရှိနေပြီး ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်မယ့် စတုတ္ထ နေရာနဲ့တော့ ၉ မှတ် ကွာဟနေဆဲ ဖြစ်ပါတယ်။