ရွှေဘိုနဲ့ ခင်ဦးမြို့မှာ စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေလို့ ဒေသခံထောင်ချီထွက်ပြေး တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ခင်ဦးမြို့နယ်တွေထဲ စစ်တပ်က ကျေးရွာတွေထဲ စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီး နေတာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
 
ခင်ဦးမြို့နယ်ထဲကို ဖေဖော်ဝါရီ ၈ ရက်နေ့က ရေဦးမြို့နယ်ဘက်ကနေ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားတရာဝန်းကျင်ခန့်နဲ့ ဝင်ရောက်လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ခင်ဦးမြို့နယ်ရဲ့ အရှေ့မြောက်ဘက်နဲ့ အရှေ့ ဘက်ခြမ်းက ကျေးရွာတွေထဲကို ဝင်ရောက်မီးရှို့တာ ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
ဒါ့အပြင် ခင်ဦးမြို့နယ်နဲ့ ထိစပ်နေတဲ့ ရွှေဘိုမြို့နယ်ထဲမှာလည်း မနေ့က ကျားရွာနဲ့ ညောင်ကန်ရွာကို ဒေသတွင်း အခြေစိုက် စစ်တပ်နဲ့ ပျူစောထီးတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်မီးရှို့ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒါကြောင့် ရွှေဘိုနယ်ထဲက ဒေသခံတွေဟာလည်း ခင်ဦးမြို့နယ်ထဲ ထွက်ပြေးတိမ်းရှောင်သူတွေ ရှိကြတယ်လို့ သိရပါတယ်။
 
“စစ်ဘေးကတော့ မကြာခဏ ရှောင်နေရတာပဲ၊ သူတို့(စစ်တပ်) လာမယ်ကြားလို့ ရှောင်ရတာနဲ့ သူတို့ရောက်လာလို့ ရှောင်ရတာနဲ့ အကြိမ်ကြိမ်ရှိနေပြီ၊ အခုလည်း စပါးတွေ ရိတ်သိမ်းပြီးလို့ တောင်သူတွေ ခဏနားရမယ် ထင်ထားတာ၊ သူတို့ရွာထဲကို သေနတ်တွေဖောက်ပြီး ဝင်လာတော့ ထပ်ပြီးရှောင်နေရတယ်”လို့ တိမ်းရှောင်နေရတဲ့ ခင်ဦးဒေသခံတဦးက DNA ကို ပြောပါတယ်။
 
ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးပြီး ကျေးရွာတွေထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ ဒေသခံပြည်သူတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူကြသလို စစ်ဘေးရှောင်ပြည်သူတွေရဲ့ တဲတွေကိုပါ မီးရှို့ဖျက်ဆီးသွားတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ကြုံနေရပြီး အကူအညီတွေ လိုအပ်နေကြတယ်လို့ သိရပါတယ်။
 
“သူတို့က ရွာထဲကို မဝင်ခင်ကတည်းက တောထဲက စစ်ဘေးရှောင်တွေရဲ့ တဲတွေကိုပါ မီးရှို့သွားတယ်၊ ရွာထဲက နေအိမ်တွေထဲကိုလည်း အိမ်တံခါးတွေဖျက်ပြီး သူတို့လိုချင်တာတွေ ယူသွားကြသေးတယ်”လို့ ခင်ဦးမြို့နယ် အတွင်းက စစ်ဘေးရှောင်ပြည်သူတဦးက DNA ကို ပြောပါတယ်။
 
လတ်တလော စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ထွက်ပြေးနေရတဲ့ ကျေးရွာအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။ အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာကတော့ (၁၃) ရွာအထိ ရှိတယ်လို့ ဒေသတွင်းစစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
 
ခင်ဦးမြို့နယ်အတွင်းမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး လက်ရှိအချိန်အထိ အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် ကျေးရွာပေါင်း ၆၃ ရွာက နေအိမ်ပေါင်း ၃၇၀၀ ကျော် မီးလောင်ပြာကျ ပျက်စီးခဲ့ရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။