ကလေးမြို့မှာ စစ်ဗိုလ်တဦးပစ်သတ်ခံရပြီးနောက် စစ်တပ်ကအင်အားသုံးစစ်ဆေးကာ အရပ်သား တချို့ ကိုဖမ်းထား

ကလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက ဈေးထွက်ဝယ်တဲ့ စစ်ဗိုလ်တဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က အင်အားသုံးစစ်ဆေးမှုတွေ လုပ်နေပြီး မြို့ခံ အရပ်သားတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ကလေးမြို့ ဒေသခံတွေဆီက သိရပါတယ်။

ကလေးမြို့အနောက်ပိုင်း တောင်သာရပ်ကွက်ဘက်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်မနက်ပိုင်းက စက်မှုဇုံလမ်း ဝန်ထမ်းအိမ်ရာနေ စျေးထွက်ဝယ်တဲ့ ဗိုလ်တဦးကို တော်လှန်ရေးပျောက်ကြားအဖွဲ့ဝင်တွေက ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ မြို့ခံတွေက DNA ကို ပြောပါတယ်။

“သေသွားတာက သုံးပွင့်ဗိုလ်လို့ ပြောတယ်ဗျ၊ သူက ဝန်ထမ်းအိမ်ရာကနေ ထွက်လာတာမှာ အပစ်ခံရတာ၊ ပစ်ခတ်မှုဖြစ်ပြီးတော့ စစ်တပ်တွေလာမှာမို့ ပြေးတဲ့သူကပြေးကြတယ်၊ မပြေးတဲ့သူတွေကလည်း အိမ်ထဲမှာနေကြတယ်။ တိတ်ဆိတ်သွားတာပဲ” အဲ့ဒီရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ စစ်ဗိုလ်ဆီကရရှိခဲ့တဲ့ ချဲထိုးထားတဲ့ဘောင်ချာနဲ့ တံဆိပ်ကို Operation Mo Mo အဖွဲ့က လူမှုစာမျက်နှာပေါ်မှာ ဖော်ပြထားပြီး တံဆိပ်အရ အဆိုပါစစ်ဗိုလ်ဟာ ကလေးမြို့ ဒ.က.စ ကဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်အပြီးမှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်မှုဖြစ်ပွားရာနေရာကို စစ်ကားနှစ်စီးနဲ့ ရောက်လာတာအပြင် တောင်သာရဲ့အရှေ့တောင်ဘက် မြို့လှရွာဘက်ကိုလည်း စစ်သားနှစ်ရာလောက် တပ်ဖြန့် လာတယ် လို့ဆိုပါတယ်။

စစ်သားတွေဟာ မြို့လှရွာထိပ်မှာ တွေ့ရတဲ့ ပြည်သူသုံးလေးဦးကို ဖမ်းဆီးထားတယ်လို့ သိရပြီး အရေအတွက်နဲ့ နာမည်တွေကို အတိအကျမသိရသေးပါဘူး။ စစ်သားတွေဟာ လက်ရှိအချိန်အထိ မြို့လှနဲ့တောင်သာဘက်မှာ ရှိနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလအတွင်း ကလေးမြို့အနောက်ပိုင်းမှာ စစ်ကောင်စီအဖွဲ့ဝင်တွေ နေ့စဉ်နီးပါး တိုက်ခိုက်ခံနေရတာဖြစ်ပြီး တောင်ဇလပ်ရပ်ကွက် ဆည်မြောင်းရုံးနားဝန်းကျင် တိုက်ခိုက်မှုတွေမှာ စစ်သားငါးဦး ထက်မနည်း သေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

 

ပုံစာ – ပစ်ခတ်ခံရတဲ့ စစ်ဗိုလ်စီကရခဲ့တဲ့ ချဲထိုးထားတဲ့ ဘောင်ချာနဲ့ တံဆိပ်