ဒီတပတ် ဖက်ဒရယ်ရေးရာ အယ်ဒီတာနှင့် ပေးစာ ပြန်စာ ကဏ္ဍမှာ — စိုင်းလုံတိုင်း ဆီကနေ ပေးစာ တစ်စောင် ရရှိလာပါတယ်။ ၎င်းပေးစာမှာ အခုလို မေးမြန်းထားတာတွေ့ရပါတယ်။
– ဖက်ဒရယ်မှာ အာဏာခွဲဝေမှုအပိုင်းကို ပြောကြတဲ့အခါ စစ်ဘက်ရေးရာဖွဲ့စည်းပုံတွေမှာ အာဏာကို ဘယ်လို ခွဲဝေကျင့်သုံးကြပါသလဲ ခင်ဗျာ။ ဖက်ဒရယ်နိုင်ငံတွေရဲ့ တပ်မတော် ဖွဲ့စည်းပုံ (သို့မဟုတ်) ဖက်ဒရယ်ရဲ့ စစ်ဘက်ရေးရာအပေါ် သက်ရောက်မှုတွေကို သိချင်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ — တစ်ခုတည်းသော ဖက်ဒရယ်တပ်မတော်သာလျှင် ရှိတယ်လို့ ပြောနိုင်ပါတယ်။ ၎င်းဖက်ဒရယ်တပ်မတော်ဟာ — နိုင်ငံတော်ရဲ့ ကာကွယ်ရေးမှာ အဓိက တာဝန်ရှိပါတယ်။ ဖက်ဒရယ်တပ်မတော်ဟာ ပြည်ပကျူးကျော်မှုအတွက် အဓိက တာဝန်ယူတဲ့ တစ်ခုတည်းသော လက်နက်ကိုင် အင်စတီကျူးရှင်းလို့ ယေဘုယျပြောနိုင်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာတော့ နိုင်ငံတော်ကာကွယ်ရေးနဲ့ ပြည်နယ်လုံခြုံရေးကို ပိုင်းပိုင်းခြားခြား သတ်မှတ်ထားလေ့ရှိပါတယ်။ နိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သက်ရင် ဖက်ဒရယ်တပ်မတော်က တာဝန်ယူလုပ်ဆောင်ပြီး၊ ပြည်နယ်တွေရဲ့ လုံခြုံရေးအတွက် ပြည်နယ်တွေမှာ သီးခြား ပြည်နယ်ရဲတပ်ဖွဲ့တွေ ရှိပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့ဟာ — ကိုယ့်ပြည်နယ်တွင်းက လုံခြုံရေးကို အဓိက လုပ်ဆောင်တာကို တွေ့ရပါတယ်။ ဖက်ဒရယ်တပ်မတော်ကတော့ — ပြည်နယ်ရဲတပ်ဖွဲ့တွေ တာဝန်ယူတဲ့ အခန်းကဏ္ဍမျိုးမှာ ပါဝင်လုပ်ဆောင်ခြင်း မရှိပါဘူး။
စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတွေမှာ — ပြည်နယ်စစ်တပ်ရယ်လို့ ထားခွင့် မရှိပါဘူး။ ဖက်ဒရယ်တပ်မတော်မှာ — လူမျိုးရေးခွဲခြားတဲ့ အပြုအမူမျိုးကို ရှောင်ရှားပြီး နိုင်ငံသားပေါ်မှာ အခြေခံတဲ့ စစ်မှုထမ်းခြင်းစနစ်ကို ကျင့်သုံးတာတွေ့ရပါတယ်။ ဖက်ဒရယ်တပ်မတော်ဟာ — နိုင်ငံရေးနဲ့ သီးခြားကင်းလွတ်တဲ့ ပရော်ဖက်ရှင်နယ်တပ်မတော်တစ်ခုဖြစ်တာကိုလည်း တွေ့ရပါတယ်။
အယ်ဒီတာ
Delta News Agency
၁၃ – ဖေဖော်ဝါရီ – ၂၀၂၃