အာဏာသိမ်းမှုအကျိုးဆက်က ပိုမိုကျယ်ပြန်တဲ့ ပြည်တွင်းစစ်ပုံသဏ္ဍန်အသစ်ကို ဦးတည်နေလို့ NCA အဖွဲ့ တွေသတိပေး

 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှု အကျိုးဆက်အဖြစ် တိုင်းပြည်ဟာ အထွေထွေတွေဖြစ်ပွားခဲ့ပြီး ပိုမိုကျယ်ပြန်တဲ့ ပြည်တွင်းစစ်ပုံသဏ္ဍန်အသစ်ဆီ ဦးတည်နေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်မှုကော်မတီ PPST က ထုတ်ပြန်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားတာပါ။

PPST ဟာ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားပြီး လက်ရှိအချိန်မှာတော့  ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တို့ကတော့ နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်နေတဲ့အဖွဲ့အစည်းတွေပါ။

အာဏာသိမ်းမှုရဲ့ အကျိုးဆက်အဖြစ် နိုင်ငံတကာမှ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေအပါအဝင် တိုင်းပြည်ဟာ အချိန်ရှည်ကြာနိုင်တဲ့ နိုင်ငံရေးအကျပ်အတည်းဝဲသြဃအတွင်း သက်ဆင်းလျက်ရှိတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းစကာလမှာ တပ်မတော်က အာဏာသိမ်းတာကြောင့် အရှိန်ရစပြုနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေလည်း ကံမကောင်း၊ အကြောင်းမလှစွာနဲ့ ရပ်ဆိုင်းသွားခဲ့သလို နိုင်ငံတကာကလည်း အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေအပါအဝင် အကျပ်အတည်းတွေကြုံနေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် NCA တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် အနှစ်သာရ ၃ ချက်ဖြစ်တဲ့ ‘နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေး၊ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်မြောက်ဖို့နဲ့ အရပ်သားတွေကိုအကာအကွယ်ပေးဖို့ကို မယိမ်းမယိုင်ဆက်လက် ကိုင်ဆွဲပြီး လက်ရှိတိုင်းပြည်အကျပ်အတည်းကို ဖြေရှင်းမယ်လို့ လည်းပါရှိပါတယ်။

မြန်မာနိုင်င်ငံမှာ စစ်တပ်က အာဏာမသိမ်းခင်အထိ ပြည်နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပေမယ့် အာဏာသိမ်းကာလအလွန်မှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာ အာဏာသိမ်းမှုဆန့်ကျင်တဲ့ ခုခံစစ်တွေ ပြင်းထန်နေသလို ရန်ကုန်နဲ့ မန္တလေးမြို့ကြီးမှာပါ ဗုံးခွဲတိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။

အာဏာသိမ်းစစ်တပ်ကို အမျိုးသားညွတ်ညွတ်ရေးအစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေက ခုခံစစ်ပြန်လည်ဆင်နွှဲခဲ့ရာမှာ၂ နှစ်ကျော်ကာလအတွင်း ပြည်တွင်းမှာတိုက်ပွဲပေါင်း ၈၀၀၀ ကျော်၊ စစ်ရှောင်ဦးရေ ၁ ဒဿမ ၆သန်းကျော်နဲ့ ဘာသာရေးအဆောက်အအုံတွေအပါအဝင် အိမ်ခြေ ခြောက်သောင်းနီးပါး မီးရှို့ဖျက်စီးခံထားရပါတယ်။

ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကလည်း လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေရဲ့ အခြေခံအကြောင်းတရားဟာ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ရေးဖြစ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းခဲ့ခြင်းရဲ့အကျိုးဆက်ဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

 

Photo – CJ