မန္တလေးမြို့က ဗဟိုအကျဉ်းထောင် (အိုးဘို) ရှိ နိုင်ငံရေး ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေ မတရားရိုက်နှက်ခံထားရတဲ့အတွက် ဒဏ်ရာတွေ အပြင်းအထန်ရရှိထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကသိရပါတယ်။
အိုးဘိုအကျဉ်းထောင်အတွင်းမှာ ဒီလ ၄ ရက်နေ့က အမျိုးသမီးအကျဉ်းဆောင် ၁ နဲ့ ၂ မှာ ရေနွေးတောင်းယူရမှာ တဆင့် အချင်းများမှုဖြစ်ပေါ်ခဲ့ပြီး အကျဉ်းထောင်ဝန်ထမ်းများက အမျိုးသမီးအိပ်ဆောင်တွေထဲ အထိဝင်ရောက် ရိုက်နှက်တာတွေလုပ်ခဲ့တာပါ။
” မိန်းမကလေးတွေ အကုန်ရိုက်နှက်ခံထားရတယ်။ ခေါင်းတွေမှာလည်း ပတ်တီးတွေနဲ့ တချို့က လက်တွေခြေထောက်တွေပါ ကျိုးနေတယ်။ ထောင်ထဲမှာ ရုံးထုတ်တွေဘာတွေဆိုလည်း ဘယ်သူနဲ့ စကားမပြောခိုင်းဘူး အရမ်းကို နှိပ်စက်ခံထားရတယ် ” လို့အကျဉ်းထောင်နဲ့နီးစပ်သူတဦးကပြောပါတယ်။
ထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသူတွေကို သံတုတ်၊ ဝါးဆစ်ပိတ်တုတ်၊ လောက်လေးခွ၊ ကျင်စက်တွေ အသုံးပြုပြီး ရိုက်နှက်နှိပ်စက်ခဲ့တာကြောင့် အမျိုးသမီးတွေမှာ ဦးခေါင်းကွဲ၊ နားရွက်ပြတ်၊ မျက်စိထိခိုက်သူ၊ ခြေထောက်နဲ့ လက်တွေမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူကပြောပါတယ်။
အကျဉ်းသူ၂၀ဦးထက်မနည်းဒဏ်ရာပြင်းထန်သလို၇၀ဦးထက်မနည်း လောက်လေးဂွထိမှန်ကာ ၃၅ဦးခန့်ကို ရက်အကန့်အသတ်မရှိထောင်ဝင်စာပိိတ်ထားတယ်လို့လည်းသိရပါတယ်။
” အဲဒါတွေဖြစ်ပြီးနောက်ပိုင်း ကောင်မလေး တချို့တိုက်ပိတ်ခံရတာတွေရှိသလို ထောင်ဝင်စာကို ကန့်သတ်လိုက်တာတွေလည်းရှိတယ် ” လို့ သူကပြောပါတယ်။
အိုးဘိုထောင်အတွင်း ဒဏ်ရာရနေတဲ့ အကျဉ်သူတချို့ကို လုံလောက်တဲ့ ဆေးဝါးကုသမှုမျိုး မရရှိဘဲ ဒဏ်ရာကို ပတ်တီးနဲ့ပဲ စည်းထားရတယ်လို့ သိရပါတယ်။
Photo – CJ
ပုံစာ – အိုးဘိုထောင်အနီးမြင်ကွင်း (ပုံဟောင်း)