မန္တလေးက တရားလွှတ်တော်ရှေ့နေတွေဆက်တိုက်အဖမ်းခံနေရ

မန္တလေးမြို့က ရှေ့နေအမျိုးသမီး ၂ ဦးကို အခုဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ စစ်ကောင်စီကထပ်မံဖမ်းဆီးသွားတယ်လို့ တရားရုံးအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်၊
 
မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ၆၅ လမ်း ၃၅ လမ်း နဲ့ ၃၄ လမ်းကြားရှိ စစ်အုပ်စုက ပြောင်းလဲသတ်မှတ်ထားတဲ့ မဟာအောင်မြေခရိုင် တရားရုံးအပေါက်မှာ အမျိုးသမီးရှေ့နေ ၂ ဦး ဖမ်းဆီးခြင်းခံခဲ့ရတာလို့ ဆိုပါတယ်။
 
” တရားရုံးပေါက်မှာ လာဖမ်းသွားတာလို့ ကြားတယ်။ လူလတ်ပိုင်း ရှေ့နေ အမျိုးသမီး ၂ ဦးပါ။ အသေးစိပ်တော့ မပြောနိုင်သေးဘူး ” တရားရုံးနဲ့ နီးစပ်သူက ဆိုပါတယ်။
 
စစ်အုပ်စုက ဖမ်းဆီးသွားတဲ့ ရှေ့နေ ၂ ဦးက အထက်တန်းရှေ့နေတွေဖြစ်ပြီး နိုင်ငံရေးအမှုတွေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ သူတွေမဟုတ်ဘူးလို့လည်း ဆက်သိရပါတယ်။
 
ဖမ်းဆီးခံရတဲ့ ရှေ့နေ ၂ ဦးနဲ့ ပက်သက်ပြီး ဘယ်သူဘယ်ဝါ ဖြစ်တယ်နဲ့ စစ်အုပ်စုက ဘာကြောင့်ဖမ်းတယ် ဘယ်နေရာကို ခေါ်ထားတယ်ဆိုတာ အသေးစိပ်မသိရသေးပါဘူး။
 
အလားတူပဲ အဲဒီနေ့မှာ မန္တလေး ၊ ချမ်းအေးသာစံမြို့နယ် တရားရုံးက အမှုလိုက်ရှေ့နေ အမျိုးသားတဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မြေပြင်သတင်းတွေကို ဖော်ပြနေတဲ့ Voice Of Mandalay က ဖော်ပြထားပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က မန္တလေး ပုသိမ်ကြီးမြို့နယ်ထဲမှာ နိုင်ငံရေး အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ကိုဝင်းကျော်စိုး ဆိုသူကို စစ်အုပ်စုက နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့သလို သူရဲ့ ကားကိုပါ သိမ်းဆည်းခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲမှာလည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပုဒ်မ ၅၀(ည) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ထားပါတယ်။
 
စစ်တပ်အာဏာသိမ်းဆည်းပြီးနောက် မန္တလေးမှာ နိုင်ငံရေး အမှုတွေလိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေ ၂၀ နီးပါးလောက် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။