ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တို့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၂၅ ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်က ၂ ဦးသေဆုံးပြီး စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၁၀ ရက်၊ မနက် ငါးနာရီခွဲ့ခန့်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေစတင်ဖြစ်ပွားပြီး စစ်ကောင်စီက Mi-35 တိုက်ခိုက်ရေးရဟက်ယာဉ်၊ဂျက်က်တိုက်လေယာဉ်နဲ့ သုံးကြိမ်ပစ်ကူပေး တိုက်ခိုက်ခဲ့တယ်လို့ လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။
‘’တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ၂၅ ဦး(မျက်မြင်အတည်ပြု) ကျရှုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားတယ်’’ လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်ပါတယ်။ ဒါပေမယ့် DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်ရှိအခြေအနေမှာတိုက်ပွဲမဖြစ်ပွားတော့ပေမယ့် နှစ်ဖက်စစ်ရေးအရ တင်းမာနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
ခြောက်နာရီကျော်တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဟာ လူအင်အား၊ လက်နက်အင်အားသာလွန်တဲ့ စစ်ကောင်စီရဲ့ အကြိမ်ကြိမ်ထိုးစစ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ခုခံတွန်းလှန်နိုငိခဲ့ပြီး ခဲယမ်းမီးကျောက်မြောက်များစွာကိုလည်း သိမ်းဆည်းရမယ်တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကလည်း နှစ်ဦးကျဆုံးတယ်လို့ သိရပါတယ်။
တိုက်ပွဲဟာ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းနယ်စပ်မြို့ နောင်ချိုမြို့ကနေ ငါးမိုင်ခန့်သာကွာဝေးတဲ့ ခေးနင်း ခေါ် ဒိုးပင်ကျေးရွာအုပ်စု၊ လုံခန်ရွာအနီးမှာ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နဲ့ အတူ ကေအိုင်အေတပ်ဖွဲ့တွေလည်း ပါဝင်တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။
စစ်ကောင်စီက လေကြောင်းကသာမက လက်နက်ကြီးတွေနဲ့ပါ အဆက်အပြတ်တိုက်ခိုက်လို့ လုံခန်ရွာဘုန်းကြီးကျောင်း ဆွမ်းစားဆောင်ပျက်စီးခဲ့ရတဲ့အပြင် ဒေသခံတွေလည်း ခေးနင်း ခေါ် ဒိုးပင်ရွာဘုန်းကြီးကျောင်းကို စစ်ရှောင်နေရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က အင်အား ၂၀၀ ထက်မနည်းနဲ့ NUG လက်အောက်ခံ တပ်ရင်းငါးရင်းနဲ့ ဖွဲ့စည်းထားတဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အင်အား ၅၀၀ ထက်မနည်းရှိနိုင်တယ်လို့လည်း ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးကာလကနေ ပြည်တွင်းပဋိပက္ခတွေကြောင့် တနိုင်ငံလုံးမှာ စစ်ရှောင် ၁ ဒဿမ ၆ သန်းကျော်တိုးလာပြီး ရှမ်းပြည်နယ်မှာတော့ ၉၅ , ၀၀၀ ကျော်ရှိပါတယ်။