ညောင်လေးပင်မှာတလအတွင်းတံတားသုံးစင်းမိုင်းခွဲခံရပြီးနောက်စစ်တပ်က စစ်ကြောင်းထိုးနေ

ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်မှာ တလအတွင်း တံတားသုံးစင်းမိုင်းခွဲခံရပြီးနောက် စစ်ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီ (၁၁)ရက်မနက်ပိုင်းကစလို့ ညောင်လေးပင်နယ်ထဲ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့က ခင်ကန့် လန့်ရွာနဲ့ကညင်ကျိုးရွာကြားကကျေးရွာချင်းဆက်တံတားနှစ်စင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်ကမိုင်းခွဲခဲ့သလို ဖေဖော်ဝါရီ ၉ ရက်ကလည်းရန်ကုန်- မန္တလေးလမ်းဟောင်းပေါ် ကတောင်ဘို့သုံးလုံး တံတားကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ Bago Region PDF က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ဆက်သွယ်ရေးလမ်းကြောင်းဖြစ်နေတာကြောင့် အဲ့ဒီတံတားတွေကိုမိုင်းခွဲဖျက်ဆီးခဲ့တာလို့ Bago Region PDF ဆိုပါတယ်။

ဒေသခံတွေကတော့ တံတားမိုင်းခွဲဖျက်ဆီးခံရမှုတွေကြောင့် ကျေးရွာချင်းအပြန်အလှန်သွားလာရာမှာအခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အပြင်  ပိန်းဇလုပ်အ​ခြေစိုက်စစ်ကောင်စီတပ်ရင်းခမရ (၂၆၄) ကအင် အား ၅၀ ဝန်းကျင်နဲ့ မိုင်းခွဲခံရတဲ့တံတားအနီးတဝိုက်နေရာယူတပ်စွဲထားလို့ သွားလာရေးအခက်တွေ့ကြရတယ်လို့ဆိုပါတယ်။

“မိုင်းခွဲခံရတဲ့ တံတားကရွာချင်းဆက်တံတားဖြစ်နေတော့သွားလာရတာခက်သွားတယ်၊အခုကချောင်းရေခန်းနေတာမို့လို့ချောင်းကနေဖြတ်လို့ရပေမဲ့မိုးရာသီရောက်ရင်တော့မလွယ်တော့ဘူး၊နောက်ပြီးတံတားအနားမှာကစစ်တပ်တွေတပ်လာစွဲထားတော့ပိုမသွားရဲဘူးဖြစ်နေပေါ့ ” လို့ ခင်ကန့်လန့်ရွာခံတဦးက DNA ကိုပြောပါတယ်။

အခုလို ပြည်သူတွေသွားလာရေး အခက်အခဲ ဖြစ်ကြရတဲ့အတွက်တော့ တောင်းပန်တယ်လို့ တံတားမိုင်းခွဲမှုတွေနဲ့ပတ်သက်လို့ ညောင်လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် က တောင်ဘို့ သုံးလုံးတံတား မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် ​စစ်ကောင်စီတပ်အင်အား ၆၀ ဝန်းကျင်က ထိန်တပင်နဲ့ထော်နွတ်ကျေးရွာကြားကရွာတွေကိုဒီကနေ့ ဖေ ဖော်ဝါရီ ၁၁ ရက်မှာစစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။

” PDF တွေကိုတောနင်းရှာတယ်ဆိုပြီးတော့ မင်းလံနဲ့ တာဇိတ်ကို စစ်ကြောင်းထိုးနေတယ်၊ဒီမနက်အစောပိုင်းပဲဝင်သွားတာတွေ့ရတယ်၊အခုအထိဘာသတင်းမှမကြားသိရသေးဘူး” လို့ ထော်နွတ်ရွာခံတဦးကပြောပါတယ်။

ညောင်လေးပင်မြို့နယ်မှာပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းပိန်းဇလုပ်အခြေစိုက်ခမရ (၂၆၄)တပ်ရင်းကို ကာကွယ်ရေးတပ်တွေက M79 ဗုံးသီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိ ခိုက်ကျဆုံးမှုများတယ်လို့ Bago Region PDF က ဆိုပါတယ်။ဒါ့အပြင် ညောင်လေးပင်မြို့က စစ်တပ်သတင်းပေးသူဆိုသူ လင်မယားနှစ်ဦးကိုလည်း ညောင်လေးပင် ပကဖကပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။