မြစ်ခြေမြို့ကစစ်ကောင်စီ ဆေးဝါးထုတ်လုပ်ရေးနဲ့ မြင်းမွေးမြူရေးတပ်စီးနင်းတိုက်ခိုက်ခံရ၊ အရာရှိနှစ်ဦး အပါအဝင် စစ်ကောင်စီဘက်က ကျဆုံးထိခိုက်မှုရှိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့မှာ ရှိတဲ့ စစ်ကောင်စီရဲ့ BPI ဆေးဝါးထုတ်လုပ်ရေးနဲ့ မြင်းမွေးမြူရေးစခန်းကို ဒီကနေ့ ဖေဖော်ဝါရီ ၁၁ရက် မနက် အစောပိုင်း က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ ပြီး စစ်အုပ်စုဘက်ကအ ရာ ရှိ နှစ်ဦးအပါအဝင် ၁၄ ဦးသေဆုံးတယ်လို့ ပခုက္ကူအခြေစိုက် Earthquake People Defence Force သတင်းပြန် ကြားရေးနဲ့ ပြင်ပဆက်ဆံရေး တာဝန်ခံ ကိုပိန်က DNA ကိုပြောပါတယ်။

” မျက်မြင်အရဆိုရင် စခတွေ ၁၄ ယောက်လောက်တော့ သေသွားတယ်ဗျ၊ကိုယ့်ဖက်က အရင်လက်ဦးမှုယူ စပစ်တာဆိုတော့ သူတို့ဘက်က ပြန်မပစ်နိုင်ဘူး၊ ဗိုလ်မှူးဆိုတဲ့လူအရင်ကျသွားတော့ လေကြောင်းခေါ်ဖို့ နောက်ကျသွားတယ်၊အဲဒီမှာ အသာစီးရပြီး စခန်းသိမ်းနိုင်တဲ့အထိပစ်နိုင်ခဲ့တယ် ” လို့ သူကပြောပါတယ်။

ဒါ့အပြင် အဲ့ဒီစီးနင်းတိုက်ခိုက်မှုအတွင်း ကာကွယ်ရေးတပ်တွေက စစ်သားသုံးဦးကို အရှင်ဖမ်းမိခဲ့ကာ သေနတ် သုံးလက်အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒီကနေ့ မနက် ၆ နာရီခွဲလောက်မှာ စတင်ခဲ့တဲ့ စီးနင်းတိုက်ခိုက်မှုဟာ တိုက်ပွဲဖြစ်ချိန် သုံးနာရီလောက်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

“ဖမ်းမိထား တဲ့ကောင်တွေကတော့ အမျိုးသားညီညွတ်ရေး အစိုးရသတ်မှတ်ထားတဲ့ စစ်သုံပန်းလုပ်ထုံးလုပ်နည်း နဲ့အညီဆောင်ရွက်သွားပါမယ် ” လို့ ကိုပိန်က ပြောပါတယ်။ 

မြစ်ခြေမြို့ရဲ့ အနောက်ဖက်မှာ ရှိတဲ့ အဲဒီစစ်ကောင်စီစခန်းမှာ အင်အား ၈၀ လောက်နဲ့တပ်စွဲကာ အနီးနားရွာတွေကိုစစ်ကြောင်းထိုးလေ့ရှိပြီး ကာကွယ်ရေးတပ်တွေက စခန်းကိုစီးနင်းသိမ်းပိုက် ပြီး နောက် မီးရှို့ ခဲ့တယ်လို့သိ ရပါတယ်။

“မွေးမြူရေးတပ်ဆိုတော့ မြင်းခြံတွေအများကြီးရှိတယ်၊စခန်းရဲ့သုံးပုံနှစ်ပုံကို မီးရှို့ခဲ့နိုင်တယ်၊ လေကြောင်းလာလို့ ကျွန်တော်တို့ ပြန်ဆုတ်ခဲ့တာပါ ” လို့ ကိုပိန်က ပြောပါတယ်။ 

အဲဒီတိုက်ပွဲကို မြစ်ခြေပြည်သူကာကွယ်ရေး အဖွဲ့ ၊ မြိုင်ပြည်သူကာကွယ်ရေးအဖွဲ့ ၊ Earthquake People Defence Force အဖွဲ့စတဲ့ မဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်တာလို့ သိရပါတယ်။