လမိုင်းမြို့မှာ စစ်ကောင်စီပစ်တဲ့လက်နက်ကြီးထိလို့ ဆယ်နှစ်အရွယ်ကိုရင်တပါးပျံလွန်၊သံဃာတပါး ဒဏ်ရာရ

မွန်ပြည်နယ်‌၊ ရေးမြို့နယ်၊လမိုင်းမြို့ စုစည်းမြိုင်ကျေးရွာမှာ ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်းက စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကြောင့် ဆယ်နှစ်အရွယ် ကိုရင်တပါးပျံလွန်ကာ ဦးဇင်းတပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ ရေးမြို့အခြေစိုက်(၃၁၇)အမြှောက်တပ်က မနေ့ကညနေ ၄ နာရီဝန်းကျင်မှာ ကနင်ကမော့ကျေးရွာအနားက စုစည်းမြိုင်ကျေးရွာဘက်ကို လက်နက်ကြီး သုံးလုံးထက်မနည်း ရမ်းသန်းပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးနှစ်လုံးဟာ စုစည်းမြိုင်ကျေးရွာဘုန်းကြီးကျောင်း အရှေ့နဲ့ အ နောက် ဖက်ခြံဝန်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းအရှေ့မှာ ဆော့ကစားနေတဲ့ အသက်ဆယ် နှစ်အရွယ် ကိုရင်တပါး လက်နက်ကြီးထိမှန်ပျံလွန်သွားတာလို့ ဒေသခံတဦးကDNA ကိုပြောပါတယ်။

 “မနေ့ညကတည်းက သူတို့တွေ လက်နက်ကြီးနဲ့ ရမ်းပစ်နေတာပေါ့၊ သုံးလေးလုံးလောက် အသံကြားရတယ်၊ အဲမှာ လက်နက်ကြီးနှစ်လုံး က ဘုန်းကြီးကျောင်းရှေ့မှာ လာကျတာ၊ ကိုရင်ကလည်း ဆော့နေတဲ့အချိန်ပဲ တခါတည်းသေသွားတယ်၊ ရင်ဘက်ပေါက်ဟောင်လောင်းကြီးပဲ ကိုရင်ကတော့၊ အဲဒီလက်နက်ကြီးကြောင့်ပဲ ဦးဇင်းတပါးကို ထပ်ထိတယ်၊ ဒဏ်ရာရသွားတယ်၊ ဒဏ်ရာက စိုးရိမ်ရတယ်လို့ သိရတယ်” လို့သူက ပြောပါတယ်။

ပျံတော်မူလွန်သွားတဲ့ ကိုရင်လေးရဲ့ မိဘတွေက ရပ်ဝေးတနေရာမှာ အလုပ်သွားလုပ်နေတာကြောင့် စုစည်းမြိုင်ဘုန်းကြီးကျောင်းမှာ ခေတ္တအပ်ထားပြီး ကျောင်းထိုင်ဆရာတော်က ကိုရင်ဝတ်ထားပေးတာဖြစ်တယ်လို့ သိရပါ တယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီ ၉ ရက်ကတည်းက အောင်သာယာကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဒေသတွင်းမှာ အပြန်အလှန် ထိတွေ့တိုက်ပွဲတွေ ဖြစ်နေသလို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုတွေလည်း ဆက်တိုက်လုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ကတော့ အောင်သာယာအနားမှာ တိုက်ပွဲတွေ ဖြစ်နေတာ၊ ဘယ်သူနဲ့ဖြစ်နေလဲတော့ မသိဘူး၊ သေနတ်ပစ်သံတွေ နာရီပိုင်းလောက်ကြားရတယ်၊ အဲဒါပြီးတာနဲ့ လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာပါ” လို့ဒေသခံတဦးက ဒီကနေ့မှာ ပြောပါတယ်။

စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အောင်သာယာကျေးရွာက နေအိမ်နှစ်လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက ရေးမြို့နယ်ကို စစ်အုပ်ချုပ်ရေးနဲ့ ညမထွက်ရအမိန့်  ထုတ်ပြန်ပြီးနောက်ပိုင်း လုံခြုံရေးပိုမိုတင်းကြပ်ထားသလို စစ်ဆေးရေးဂိတ်တွေမှာလည်း အင်အားထပ်ဖြည့်ထားပြီး လမ်းသွားလမ်းလာတွေကိုလည်း ရှာဖွေစစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။