ဗြိတိန် နိုင်ငံမှာ ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးတစ်လုံးကို စနက်တံ ဖြုတ်သိမ်းဖို့ ကြိုးစားချိန် မမျှော်လင့်ဘဲ အပြင်းအထန် ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
ဂရိတ်ယာမော့သ် မြို့မှာ ရှာတွေခဲ့တဲ့ ကီလိုဂရမ် ၂၅၀ လေးလံတဲ့ ဗုံးကြီးကို ဗြိတိန်စစ်တပ်ရဲ့ ဗုံးရှင်းလင်းရေး အဖွဲ့က အခုသီတင်းပတ်ကုန်မှာ စနက်တံဖြုတ်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ မတော်တဆ ချွတ်ချော်မှု တစ်ခုခုကြောင့် ဗုံးက ထပေါက်ခဲ့တာ ဖြစ်ပါတယ်။
ပေါက်ကွဲမှု အရှိန်က အရမ်းပြင်းထန်ပေမယ့် ပတ်ဝန်းကျင် ဧရိယာတွေကို ကြိုတင် ရှင်းလင်းထားခဲ့ပြီး စစ်တပ်ရဲ့ ပညာရှင်တွေလည်း အနားမှာ ရှိမနေတာကြောင့် ဘယ်သူမှ မထိခိုက်ခဲ့ပါဘူး။ ဒါပေမဲ့ ပေါက်ကွဲသံကြီးကိုတော့ ဗုံးတွေ့ရာ မြစ်ကမ်းနံဘေးနဲ့ ကီလိုမီတာပေါင်း အတော်ဝေးဝေး နေရာတွေကတောင် ကြားခဲ့ရပါတယ်။
ယာရီ မြစ်ကမ်းနားမှာ ဖေဖော်ဝါရီ ၁၀ ရက်က ပေါက်ကွဲမှုကို ဒရုန်းတွေက ဗီဒီယို မှတ်တမ်းတင် ရိုက်ကူးထားနိုင်ခဲ့ပါတယ်။ အဲဒီဗုံးကို ဖေဖော်ဝါရီ ၇ ရက်တုန်းက ဓာတ်ငွေ့ပိုက်လိုင်းကြီး နှစ်ခုနား ကပ်လျက်မှာ နစ်မြုပ်နေတာကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် စစ်တပ်ကို ဆက်သွယ် အကြောင်းကြားပြီး ဗုံးကို အသက်မဲ့စေဖို့ စတင် လုပ်ဆောင်ခဲ့တာပါ။
ဂရိတ်ယာမော့သ်ဟာ ကမ်းရိုးတန်း မြို့လေးတစ်ခုဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်တုန်းက ဗြိတိန်အနှံ့ကို ဗုံးကြဲခဲ့တဲ့ ဂျာမန် လေတပ်ရဲ့ ပျံသန်းမှု လမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် တခြားမြို့တွေထက်တောင် ဗုံးဒဏ်ကို အပြင်းအထန် ခံခဲ့ရပါတယ်။
ဗြိတိန် အပါအဝင် ဥရောပ တနံတလျားမှာ ဒုတိယ ကမ္ဘာစစ်လက်ကျန် မပေါက်ကွဲသေးတဲ့ ဗုံးတွေဟာ ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ အနေနဲ့ ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါတယ်။