ဆီးရီးယား နိုင်ငံမှာ ငလျင်အပျက်အစီးတွေကြား မွေးဖွားခဲ့ပြီး မိဘမဲ့ ဖြစ်သွားရှာတဲ့ ကလေးမလေးကို မွေးစားဖို့ စာရင်းပေးထားသူတွေ ထောင်နဲ့ချီ ရှိနေကြောင်း သိရပါတယ်။
အခုသီတင်းပတ် အစောပိုင်းက တူရကီ နိုင်ငံမှာ ရစ်ချ်တာစကေး ၇.၈ နဲ့ ၇.၄ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်ကြီးနှစ်ခု နာရီပိုင်းလောက် ခြားပြီး လှုပ်ခတ်ခဲ့တာကြောင့် တူရကီနဲ့ အိမ်နီးချင်း ဆီးရီးယား နိုင်ငံတွေမှာ စုစုပေါင်း သေဆုံးသူ ၂၃၀၀၀ ကျော်လောက်ထိ ရှိလာပါတယ်။
ကယ်ဆယ်ရေး အဖွဲ့တွေဟာ အပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေတဲ့ အလောင်းတွေကိုရော၊ အသက်ရှင်သူတွေကိုပါ ရှာတွေ့ခဲ့ကြရာမှာ အာယာလေးတို့ မိသားစုလည်း အပါအဝင် ဖြစ်ပါတယ်။ ဆီးရီးယား အနောက်မြောက်ပိုင်းက ပြိုကျနေတဲ့ အဆောက်အအုံ တစ်ခုထဲမှာ မွေးကင်းစ ကလေးမလေး အာယာကို ကယ်ဆယ်ရေးတွေက ရှာတွေ့ခဲ့တာပါ။
အာယာဆိုတာက နာမည်ရင်း မဟုတ်ဘဲ အာရပ် ဘာသာနဲ့ အံ့ဩကုန်နိုင်ဖွယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးဖြစ်တဲ့ ချစ်စနိုး နာမည်ပါ။ ငလျင်မှာ အာယာကလွဲလို့ မိသားစုဝင် အားလုံး သေဆုံးသွားခဲ့ပါတယ်။ သူ့ကို ရှာတွေ့တုန်းက မိခင်အလောင်းရဲ့ ခြေထောက်တွေကြားမှာ ချက်ကြိုးတန်းလန်းနဲ့ ရှိနေခဲ့တာပါ။ အဓိပ္ပါယ်ကတော့ ဒဏ်ရာရထားတဲ့ ကိုယ်ဝန်ဆောင် မိခင်ဟာ မသေဆုံးခင်မှာ အာယာလေးကို ဖွားမြင်သွားခဲ့တဲ့ သဘောပါပဲ။
ကယ်ဆယ်ရေး အဖွဲ့တွေဟာ ကလေးငိုသံကြောင်း ရှာဖွေရင်း မိခင်နဲ့ ချက်ကြိုး သွယ်တန်းလျက်သား ကလေးမလေးကို တွေ့ရှိပြီး ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ခဲ့ပါတယ်။ အာယာရဲ့ ကျောမှာ အတော်လေး နက်တဲ့ ဒဏ်ရာတစ်ခု ရထားခဲ့ပေမယ့်လည်း အခုတော့ အခြေအနေ တည်ငြိမ် ကောင်းမွန်နေပြီ ဖြစ်ပါတယ်။
ဂျင်ဒေးရစ်မြို့မှာ မွေးဖွားခဲ့တဲ့ အာယာလေးရဲ့ မိခင်၊ ဖခင်နဲ့ မောင်နှမ ၄ ယောက်စလုံး ကွယ်လွန်သွားတာကြောင့် ကလေးမလေး ဆေးရုံဆင်းရင် ပြန်စရာ မိဘဆွေမျိုး မရှိတော့ပါဘူး။ ဒါပေမဲ့လည်း သူ့သတင်းကို ကြားတဲ့နောက် ဆီးရီးယားနိုင်ငံ အနှံ့ကနေ မွေးစားလိုကြောင်း ကမ်းလှမ်းလာသူ ထောင်နဲ့ချီ ရှိနေကြောင်း သိရပါတယ်။
အာယာကို ကယ်ထုတ်ခဲ့တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက် မီဒီယာတွေမှာ တွင်တွင်ကျယ်ကျယ် ပျံ့နှံ့သွားပြီး ကလေးမလေးရဲ့ သနားစရာ ဘဝကို တစ်နိုင်ငံလုံးက စိတ်ဝင်တစား ရှိခဲ့ကြပါတယ်။ အခုဆိုရင် သူ့ကို မွေးစားခွင့်ရဖို့ အသေးစိတ် ဆက်သွယ် စုံစမ်းသူတွေ အများအပြား ရှိနေကြောင်း ဆေးရုံက အတည်ပြုပါတယ်။
ကိုယ်တိုင်က အာယာထက် ၄ လပဲကြီးတဲ့ ကလေးတစ်ဦးရဲ့ ဖခင်ဖြစ်တဲ့ ဆေးရုံ မန်နေဂျာ ခါလစ်ဒ် အက်တီရာကတော့ သူဟာ အာယာရဲ့ ရပ်ဝေးက ဆွေမျိုးတွေနဲ့ အဆက်အသွယ် မရမချင်း ကလေးမွေးစားခွင့် ကိစ္စနဲ့ ပတ်သက်လို့ မဆုံးဖြတ်သေးဘဲ အာယာလေးကို သူ့သမီး အရင်းလို သဘောထား စောင့်ရှောက်ထားမှာဖြစ်ကြောင်း ပြောပါတယ်။
လက်ရှိ အချိန်မှာတော့ အက်တီရာရဲ့ ဇနီးကပဲ သမီးအရင်းနဲ့အတူ အာယာကိုပါ နို့တိုက်ကျွေးနေတယ်လို့လည်း သိရပါတယ်။