ဘရာဇီးကို ကိုင်တွယ်မယ်ဆိုတဲ့ သတင်းတွေကို ရီးရဲလ်မက်ဒရစ် မန်နေဂျာ အန်ဆလော့တီ ငြင်းဆို

ဘရာဇီး အသင်းနည်းပြ ရာထူးကို လက်ခံသွားဖွယ် ရှိနေကြောင်း သတင်းတွေကို ရီးရဲလ်မက်ဒရစ် မန်နေဂျာ ကာလို အန်ဆလော့တီက ငြင်းဆိုသွားခဲ့ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အခြေမလှခဲ့တဲ့နောက် ဘရာဇီး အမျိုးသား လက်ရွေးစင် ဘောလုံးအသင်း နည်းပြ တစ်တီဟာ ရာထူးက နုတ်ထွက်သွားခဲ့ပြီး သူ့နေရာကို အစားထိုးဖို့အတွက် ဘရာဇီး ဘောလုံးအဖွဲ့ချုပ် (CBF)က လူသစ်တစ်ဦး ရှာဖွေနေပါတယ်။ အီတလီသား ဝါရင့် မန်နေဂျာကြီး အန်ဆလော့တီကတော့ CBFရဲ့ ဦးစားပေး ပစ်မှတ်အဖြစ် သတင်းကြီးနေပါတယ်။

ဒီအတောအတွင်း ESPN အားကစား သတင်းဌာနရဲ့ ဘရာဇီး ဌာနခွဲက အန်ဆလော့တီဟာ လာမယ့် ဇူလိုင်လမှာ ဘရာဇီးကို ကိုင်တွယ်ဖို့ အကြို သဘောတူညီထားပြီလို့ ဖော်ပြလာခဲ့ပါတယ်။ တရားဝင် လက်မှတ်ထိုးထားတာမျိုး မဟုတ်ပေမယ့် အန်ဆလော့တီက သူဟာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ကာလအထိ ဘရာဇီးကို ကိုင်တွယ်ပေးဖို့ နှုတ်ကတိ ပေးထားကြောင်း ESPNက ဆိုပါတယ်။

ဒါပေမဲ့ အန်ဆလော့တီကတော့ အဲဒီ သတင်းပါ အကြောင်းအရာတွေကို သူ့အနေနဲ့ ဘာမှ မသိသလို ၂၀၂၄ ခုနှစ်၊ ဇွန်လမှ သက်တမ်း ကုန်ဆုံးမယ့် ရီးရဲလ် မန်နေဂျာ ဘဝကို အပြည့်အဝ အာရုံစိုက်ထားဆဲဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

ဒါ့အပြင် ရီးရဲလ် အသင်းကလည်း အန်ဆလော့တီကို လက်လွှတ်ခံမှာ မဟုတ်ကြောင်း သီးခြား ကြေညာချက် ထုတ်ပြန် အတည်ပြုခဲ့ပါတယ်။

ဘရာဇီး အသင်းဟာ ၂၀၂၂ ခုနှစ်က ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံလောင်း တစ်သင်းအဖြစ် အကြီးအကျယ် ရေပန်းစားခဲ့ပေမယ့် ကွာတားဖိုင်နယ် အဆင့်မှာတင် ခရိုအေးရှားကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။


Ref: Goal