တစ်ပွဲတည်း လေးဂိုးသွင်းပြီး အစွမ်းပြခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူ့ရဲ့ အသင်းသစ် အယ်လ်နက်ဆာမှာ တစ်ပွဲတည်း ၄ ဂိုး သွင်းနိုင်ခဲ့တဲ့နောက် အမှတ်ပေး ပြိုင်ပွဲတွေမှာ သွင်းဂိုး ၅၀၀ ပြည့်တဲ့ စံချိန်မှတ်တမ်းကို ရရှိသွားခဲ့ပါတယ်။

 ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကမှ အသက် ၃၈ နှစ် ပြည့်ထားတဲ့ ပေါ်တူဂီ တိုက်စစ်မှူးဟာ ဆော်ဒီ ပရိုလိဂ် အမှတ်ပေး ပြိုင်ပွဲမှာ အယ်လ်နက်ဆာက အိမ်ရှင် အယ်လ်ဝှီဒါကို ၄ ဂိုးပြတ် အနိုင်ရခဲ့ရာမှာ တစ်ဦးတည်း ၄ ဂိုးလုံး သွင်းခဲ့ပါတယ်။ ပင်နယ်တီ ၁ လုံး အပါအဝင် သွင်းဂိုး ၄ ဂိုးကို ရရှိခဲ့တဲ့နောက် ရော်နယ်လ်ဒိုဟာ အခုဆိုရင် အမှတ်ပေး ပြိုင်ပွဲတွေမှာ ၅၀၃ ဂိုးထိ ရရှိထားပြီ ဖြစ်ပါတယ်။

 အသင်းသစ်နဲ့ ပွဲဦးထွက် ပွဲစဉ်တချို့မှာ ရုန်းကန်ခဲ့ရပေမယ့်လည်း အယ်လ်ဝှီဒါနဲ့ ပွဲမှာတော့ ရော်နယ်လ်ဒိုဟာ ပြိုင်ဘက် ခံစစ်ကြောင်းကို မုန်တိုင်းလို မွှေနှောက်ပြီး အစွမ်းပြသွားပါတယ်။ သူဟာ မတူညီတဲ့ နိုင်ငံ ၅ ခုက ထိပ်ဆုံးအဆင့် အမှတ်ပေး ပြိုင်ပွဲတွေမှာ သွင်းဂိုး ၅၀၀ ကျော် သွင်းခဲ့တာပါ။

 ဒါ့အပြင် သူ့ရဲ့ ကစားသမား ဘဝတလျှောက် ၄ ဂိုးနဲ့အထက် သွင်းနိုင်တဲ့ ၁၁ ပွဲမြောက်ကို ပိုင်ဆိုင်လာပြီး ဘောလုံးရာသီ ၁၄ ခုဆက်တိုက် Hat-Trick သွင်းနိုင်တယ်ဆိုတဲ့ မှတ်တမ်းကိုလည်း ရေးထိုးခဲ့ပါတယ်။

 ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ကို ၅ ကြိမ် ဆွတ်ခူး ရရှိဖူးတဲ့ ရော်နယ်လ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ် ဖျက်သိမ်းပြီးတဲ့နောက် အယ်လ်နက်ဆာနဲ့ ယူရို သန်း ၂၀၀ တန် ၂ နှစ်ခွဲ စာချုပ်ကို ချုပ်ဆိုခဲ့သလို အသင်းခေါင်းဆောင် အဖြစ်လည်း ခန့်အပ် ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ အယ်လ်နက်ဆာဟာ ၁၆ ပွဲ ကစားပြီးတဲ့နောက် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။