လိဒ်စ်ယူနိုက်တက်နဲ့ ပွဲစဉ် အစောပိုင်း အချိန်တွေမှာ အသင်းရဲ့ ထိုင်းမှိုင်းလေးလံနေမှုဟာ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်က ဝေဖန်သွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ လိဒ်စ်ယူနိုက်တက်ကို နောက်ကနေ ချေပဂိုးတွေ လိုက်သွင်းပြီး ၂ ဂိုးစီ သရေကျခဲ့ပါတယ်။ လိဒ်စ်ဟာ ပွဲစပြီး ၅၅ စက္ကန့် အကြာမှာတင် ဂိုးသွင်းခဲ့သလို ဒုတိယပိုင်း ပြန်စစချင်း ၃ မိနစ်အတွင်း နောက်တစ်ဂိုး သွင်းနိုင်ခဲ့တာကြောင့် ၂ ဂိုးပြတ် ဦးဆောင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မားကက်စ်ရက်ရှ်ဖို့ဒ်နဲ့ ဂျေဒန်ဆန်ချိုတို့ရဲ့ ချေပမှုတွေကြောင့်သာ ယူနိုက်တက်တို့ ကိုယ်ကျိုး မနည်းခဲ့တာပါ။
ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ပြိုင်ပွဲစုံ ၁၃ ပွဲဆက်တိုက် အနိုင်ရထားခဲ့ပေမယ့် အခုအခါမှာတော့ အဲဒီ မှတ်တမ်းကောင်းက ရပ်တန့်သွားပြီ ဖြစ်ပါတယ်။ နယ်သာလန်သား မန်နေဂျာ တန်ဟက်ဂ်ကတော့ ပထမပိုင်းရော၊ ဒုတိယပိုင်းမှာပါ ပွဲစတင်တဲ့ ခရာမှုတ်ပြီးပြီးချင်း အသင်းရဲ့ ထိုင်းမှိုင်း လေးကန်နေမှုကို စိတ်ပျက်ကြောင်း ပြောသွားပါတယ်။
သူ့အသင်းဟာ ပွဲချိန် နှစ်ပိုင်းစလုံးရဲ့ အစပိုင်း မိနစ်တွေမှာ အသင့်အနေအထား ဖြစ်မနေခဲ့ကြောင်း၊ ပထမပိုင်းပြီးတော့ သူ့ကစားသမားတွေကို ပွဲအစပိုင်းမှာ နှေးကွေးမနေဖို့ သတိပေးခဲ့လျက်နဲ့ နှစ်ပိုင်းစလုံးရဲ့ အစောပိုင်း မိနစ်တွေမှာ ဘောလုံး အလွယ်တကူ ဆုံးရှုံးပြီး ဂိုးတွေ ပေးလိုက်ရလို့ အကြီးအကျယ် စိတ်ပျက်မိကြောင်း၊ ၂ ဂိုးရှုံးနေရာကနေ သရေပြန်ရတယ် ဆိုတာက မဆိုးလှတဲ့ အခြေအနေလို့ ဆိုပေမယ့် အခုလို ပွဲကြီးပွဲကောင်း တစ်ခုရဲ့ အစပိုင်း အချိန်တွေမှာ ထိုင်းမှိုင်းနေတာကိုတော့ ဘယ်လိုမှ လက်ခံလို့ မရကြောင်း၊ သူ့အသင်းဟာ တိုက်ပွဲဝင်ဖို့ အဆင်သင့် မဖြစ်ခဲ့ကြောင်း တန်ဟက်ဂ်က ဝန်ခံသွားပါတယ်။
စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု တချို့ကြောင့် အသင်းရဲ့ ခွင့်ပြုချက်နဲ့ သုံးလဝန်းကျင်လောက် အနားယူခဲ့ရတဲ့ တောင်ပံတိုက်စစ်မှူး ဆန်ချိုဟာ အခုပွဲမှာ အရန်ခုံက ထလာပြီး ဂိုးသွင်းနိုင်ခဲ့တာနဲ့ ပတ်သက်လို့ တန်ဟက်ဂ်က ဆန်ချိုတစ်ယောက် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့အတွက် ဝမ်းသာကြောင်း၊ လက်ရှိ အရှိန်ကို ဆက်ထိန်းပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် တည်ဆောက်နိုင်ဖို့ မျှော်လင့်ကြောင်း၊ အသင်းကလည်း သူ့ကို စိတ်ခွန်အားပေးဖို့ အမြဲတမ်း ကူညီနေမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။