ကျောက်ထုမှာ စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရ၊ ထိခိုက်သေဆုံးမှုရှိ

မကွေးတိုင်း၊ ယောဒသ ကျောက်ထုမြို့နယ်ထဲလှည့်ပတ်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဖေဖေါ်ဝါရီ ၇ ရက် မနက်ဆယ်နာရီဝန်းကျင်က ကျောက်ထုမြို့နဲ့ ငလွန်းကျေးရွာကြားမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

” တံတားနားဝန်းကျင်မှာဆွဲခံရတာ၊ သုံးယောက်က အပေါ်ထိမြောက်တက်သွားတာဆိုတာကိုး။ အသားစတွေ၊သွေးတွေတောင်ရှိသေးတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် အင်အားရှစ်ဆယ်ဝန်းကျင်ရှိတဲ့စစ်ကြောင်းဟာ ဒဏ်ရာရတဲ့ သူရှစ်ဦးကိုထမ်းစင်ရှစ်ခုနဲ့ သယ်ဆောင်သွားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တပ်မ (၅၅/၁၁/၁၀၁)တို့ကဖြစ်ပြီး ကျောက်ထုဒေသအတွင်းက ကျေးရွာတွေကို လှည့်ပတ်စစ်ကြောင်းထိုးပြီး  ပြည်သူပိုင်ပစ္စည်းတွေနဲ့ ကြက်/ဝက်တွေကို ခိုးယူစားသောက်နေတဲ့စစ်ကြောင်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဆိုပါစစ်ကြောင်းကို ဂန့်ဂေါခရိုင်တပ်ရင်းအမှတ်( ၉) ကျောက်ထု PDF ကအသင့်ထောင်ထားတဲ့ ပဒေသာမိုင်း ဆယ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကျောက်ထု PDF(YRPA)ကထုတ်ပြန်ထားပါတယ်။

အဲ့ဒီလိုဖောက်ခွဲတိုက်ခိုက်ရာမှာ မိုင်းခုနစ်လုံးကွဲလို့ စစ်ကောင်စီစစ်ကြောင်း အထိနာခဲ့ပြီး ကာကွယ်ရေးအဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကျောက်ထု PDF (YRPA)ထုတ်ပြန်ချက်ကဆိုပါတယ်။