မန္တလေးတိုင်းအတွင်းမှာ ဒီလ ဖေဖော်ဝါရီ ၁ ရက်ကနေ၇ ရက် အထိ ရက်သတ္တပတ်အတွင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချူပ်ရေးမှူး သုံးဦး ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီလပထမပတ်အတွင်း DNA ကပြုစုထားတဲ့ စာရင်းတွေအရ ၄ ရက်နေ့မှာ တကြိမ်၊ ၅ ရက် နဲ့ ၇ ရက်နေ့မှာ တကြိမ်ဆီ ရပ်ကွက်အုပ်ချူပ်ရေးမှူးဆိုသူတွေ ပစ်ခတ်ခံခဲ့ရတာပါ။
ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ (၁၂၂) လမ်းနဲ့ (၅၁) လမ်းအနီး နေထိုင်တဲ့ စစ်အုပ်စုရဲ့ ရာအိမ်မှူး ဦးသာဌေး (၆၉-နှစ်) ဆိုသူဟာ ဖေ ဖော်ဝါရီ (၄) ရက် မနက် (၁၀) နာရီခွဲ အချိန်လောက်မှာ သူရဲ့နေအိမ်မှာတင်ပ စ်ခတ်ခံရပြီးသေဆုံးခဲ့ပါတယ်။
“သူက အဲဒီနေရာမှာ ကျူးရှင်းလင်းရေးကို တက်တက်ကြွကြွပါဝင်နေတဲ့လူလို့ ကြားတယ်။ ကျူးတွေရှင်းပြီးနောက် အပစ်ခံရတာပါ ” လို့ ဒေသခံ တဦးကပြောပါတယ်။
ဦးသာဌေးဟာ စစ်အုပ်စုနဲ့ပေါင်းပြီး ပြည်သူကို နှိပ်စက်နေတဲ့အတွက် အောင်စည်တော် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့တာလို့ (AST-MDY)က ထုတ်ပြန်ပါတယ်။
အလားတူပဲ စဉ့်ကိုင်မြို့၊ မြို့မရပ်ကွက်၊ အရုဏ်တော် ဆွမ်းလောင်းအသင်း ဓမ္မာရုံအရှေ့မှာ စစ်အုပ်စုနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ မဏ္ဍပ်ထိုးပြီး အလှူခံနေချိန် ဗုံးထုတိုက်ခိုက်ခံရပြီး ရာအိမ်မှူးဦးအုန်းကြိုင် ဆိုသူသေဆုံးသွားခဲ့ပါသေးတယ်။
မနေ့က ဖေဖော်ဝါရီ ၇ ရက်မှာလည်း မန္တလေး – ပြင်ဦးလွင် ကားလမ်းပေါ် စက်ဘီးစီးသွားလာနေတဲ့ ငွေတောင်ကျေးရွာအုပ်ချူပ်ရေးမှူး နေဝင်းဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပါသေးတယ်။
” သူက ရွာထဲမှာ မဲစာရင်းကောက်တာတွေ ဧည့်စာရင်းစစ်တာတွေကို လုပ်နေတဲ့လူပါ။ ကားလမ်းမပေါ်မှာ သူကို စောင့်ပြီး ပစ်သွားတာပါ ” လို့ ဒေသခံ တဦးကပြောပါတယ်။