စစ်ခေါင်းဆောင်ရဲ့ လျှပ်စစ်မြို့တော် အိမ်မက်နဲ့ လျှပ်စစ်မီးကြောင့် အခက်တွေ့လာတဲ့ မြို့ပြခရီးသွားများ

စစ်အာဏာသိမ်းပြီးနောက် လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပုံမှန်မရတော့တာရဲ့ဆိုးကျိုးတွေကဏ္ဍပေါင်းစုံမှာ သက် ရောက်လာနေပါတယ်။

လူဦးရေ ခြောက်သန်းကျော်နေထိုင်တဲ့ ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်ဟာလည်း လျှပ်စစ်မီးမမှန်တော့ခြင်းရဲ့ အကျိုးဆက်ကိုရင်ဆိုင်နေရတဲ့ ကဏ္ဍတခုဖြစ်လာပါတယ်။

စစ်ကောင်စီရဲ့ အလှည့်ကျမီးပေးရေးစနစ်ကြောင့် ရန်ကုန်က မြို့နယ်တွေမှာ နေ့စဉ်နာရီနဲ့ချီမီးပြတ်နေတာဟာ CNG အသုံးပြုတဲ့ YBS အများသုံးဘတ်စ်ကားတွေအပေါ် သက်ရောက်လာရာကနေ မြို့ပြသယ်ယူပို့ဆောင် ရေးစ နစ်တခုလုံးကိုပါ အခက်အခဲတွေဖြစ်ပေါ်စေနေတာပါ။ 

CNG ဂတ်စ်ဆိုင်တွေမှာ ဂတ်စ်ဖြည့်ဖို့ အချိန်ကြာကြာတန်းစီနေရတာကြောင့် YBS ယာဉ်လိုင်းတွေဟာ သတ်မှတ် စီးရေအပြည့် မပြေးဆွဲနိုင်တော့ဘဲ လမ်းကြောင်းပေါ်မှာ ကားရှားလာတာ၊ခရီးသည်တွေ ကျပ်သိပ်လိုက်ပါရတဲ့ အခြေအနေတွေဖြစ်လာစေတယ်လို့ ရန်ကုန်မြို့က YBS စီးနင်းသူတွေနဲ့ ယာဉ်မောင်းတွေက ပြောကြပါတယ်။ 

“အန်တီတို့ မနေ့ကဆို (ည)၇နာရီမှ ကားရတယ်၊ ၅နာရီလောက် ကတည်းက ဆူးလေမှတ်တိုင်မှာစောင့်တာ၊ လာတဲ့ ကားကလည်း ကျပ်ပိတ်နေတာပဲ” လို့ YBS စီးနင်းတဲ့အမျိုးသမီးတဦးကပြောပါတယ်။ 

လက်ရှိ ဂတ်စ်ဆိုင်တွေမှာလည်း YBS ယာဉ်တွေအတွက် ဂတ်စ်လုံလောက်အောင်မပေးနိုင်တဲ့ အခြေအနေဖြစ် နေတာကြောင့် ကားအရေအတွက် အများအပြားတန်းစီစောင့်ဆိုင်နေရလေ့ရှိတယ်လို့ YBS ယာဉ်မောင်း တဦး ကပြောပါတယ်။

“ရောက်နေတာ မနက် ရှစ်နာရီကတည်းက၊ အခု နှစ် နာရီကျော်နေပြီ၊ ဆိုင်တောင်မမြင်ရသေးဘူး၊အဓိကကတော့ ဆိုင်ကပေးတဲ့ Gas Pressure မပြည့်ဘူး၊ မပြည့်တော့ခဏလေးနဲ့ကုန်ရော၊ အဲတော့လာပြန်တန်းစီနဲ့ ကားတွေလဲ ထပ်ကုန်တာပေါ့” လို့ ဂတ်စ်ဖြည့်ဖို့စောင့်ဆိုင်းနေရင်း သူကပြောပါတယ်။

ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှုအရင်ထက်ပိုများလာတာကြောင့် CNG Gas ဆိုင်တွေမှာ Gas ပေးနိုင်မှု နည်းပါးလာသလို မီးပြတ်လို့ အရောင်းပိတ်ထားတဲ့အခြေအနေတွေလည်း ကြုံနေရတယ်လို့ ဆိုကြပါတယ်။

ဒီလိုအခြေအနေတွေဖြစ်နေပေမယ့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ လျှပ်စစ်ကားတွေအသုံးပြုကြဖို့ တဖွဖွပြောလေ့ရှိသလို လက်ရှိမှာလည်း တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားတချို့ကို တင်သွင်းလာကာ ရန်ကုန်နဲ့ နေပြည်တော်မှာ တက္ကစီပြေးဆွဲဖို့ ရှိနေပါတယ်။