တစ်နေ့တည်းမှာတင် ရုရှားစစ်သည် ၁၀၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
အရှေ့ဥရောပက အိမ်နီးချင်း နှစ်နိုင်ငံကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ တစ်နှစ်ပြည့်လုနီးပါး ဖြစ်လာတဲ့ထိ အရှိန်ကျသွားတဲ့ လက္ခဏာမျိုး လုံးဝ မတွေ့ရသေးပါဘူး။ Telegramမှာ ဝေမျှခဲ့တဲ့ ထုတ်ပြန်ချက် တစ်ခုမှာတော့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၆ ရက် တစ်ရက်တည်းမှာ ရုရှားစစ်သည် ၁၀၃၀ လောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးတော့ အဲဒီနေ့မှာ ရုရှားရဲ့ တင့်ကား ၁၄ စီးနဲ့ သံချပ်ကာယာဉ် ၂၈ စီးကိုပါ ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါပေမဲ့ အဲဒီ ကြေညာချက်နဲ့ ပတ်သက်လို့ ယူကရိန်းက လက်ဆုပ်လက်ကိုင် သက်သေ အထောက်အထား တစ်ခုခု ပြသတာမျိုးတော့ မရှိပါဘူး။
တကယ်လို့ ယူကရိန်းရဲ့ အဆိုသာ မှန်ခဲ့မယ်ဆိုရင် စစ်ပွဲ ကာလတလျှောက် ရုရှားအတွက် တစ်ရက်တာ စံချိန်တင် အကျအဆုံး ပမာဏနဲ့ ကြုံခဲ့တာလို့ သတ်မှတ်နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို စတင် ကျူးကျော်ခဲ့ချိန် ကတည်းက ရုရှားမှာ စစ်သည် အရေအတွက် ၁၃၃၀၀၀ ကျော်လောက် သေဆုံးခဲ့ပြီးပြီလို့ ယုံကြည်ရပါတယ်။
လတ်တလောမှာတော့ ရုရှားဟာ နယ်စပ်နားမှာ စစ်သည် ၅၀၀၀၀၀ လောက် ထပ်မံစုရုံးနေပြီး စစ်ပွဲ တစ်နှစ်ပြည့် ကာလလောက်မှာ နောက်ထပ် ထိုးစစ်အသစ် စတင်လာနိုင်ကြောင်း သတိပေး ပြောကြားထားပြီး အနောက်နိုင်ငံတွေဆီက စစ်လက်နက်တွေ ပိုမို အရှိန်မြှင့် ထောက်ပံ့ပေးဖို့ လောဆော်ထားပါတယ်။
စစ်မြေပြင် အခြေအနေ အရတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ယူကရိန်း အရှေ့ပိုင်းက အချက်အခြာကျတဲ့ ဘက်ခ်မတ် မြို့တဝိုက်မှာ ရုရှားတပ်တွေက အရေးသာနေပြီး တရွေ့ရွေ့ ရှေ့တိုး ချီတက်လာနေပါတယ်။ စစ်မြေပြင် အခြေအနေတွေနဲ့ ဆက်စပ်ပြီး ယူကရိန်း အစိုးရဟာ ကာကွယ်ရေး ဝန်ကြီး အိုလက်ခ်ဆီ ရက်ဇ်နီကော့ဗ်ရဲ့ ရာထူး နေရာကိုပါ လူအပြောင်းအလဲ လုပ်ခဲ့ကြောင်း သိရပါတယ်။