မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝယ်ယူဖို့အတွက် ကာတာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုကြီး တစ်ခုက ရက်ပိုင်းအတွင်း ငွေကြေး အလုံးအရင်းနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။
အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် နာမည်ကျော် ဘောလုံးကလပ်ကို လက်ရှိ အချိန်မှာ အမေရိကန် သူဌေးတွေဖြစ်တဲ့ ဂလေဇာ မိသားစုက ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ယူနိုက်တက် ပရိသတ် အများစုက ဂလေဇာတွေကို လိုလားမှု မရှိဘဲ အသင်းကို ရောင်းချဖို့ ဖိအားပေးခဲ့တဲ့နောက် ပိုင်ရှင်တွေက အသင်းကို အရောင်းစာရင်း တင်ထားခဲ့ပါတယ်။ ဒါပေမဲ့ အလားအလာရှိတဲ့ ဝယ်လက်တွေ အနေနဲ့ ဖေဖော်ဝါရီလ မကုန်ခင်မှာပဲ ကမ်းလှမ်းခွင့် ရလိမ့်မယ်လို့ ဂလေဇာတွေက သတိပေးထားခဲ့ပါတယ်။
အခုအခါမှာတော့ အရှေ့အလယ်ပိုင်းက ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ ကာတာက အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုကြီး တစ်ခုဟာ ဂလေဇာတွေကို စတာလင်ပေါင် ၆ ဘီလီယံ (ဒေါ်လာ ၇.၂ ဘီလီယံ)ထက်မနည်း ပေးချေပြီး ယူနိုက်တက်ကို လက်လွှဲ ဝယ်ယူဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
ကာတာ သူဌေးတွေက အသင်းကို ဝယ်ယူပြီးရင် အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးကို ပြန်လည် အဆင့်မြှင့် မွမ်းမံမယ့် ပရောဂျက် အပါအဝင် နောက်ထပ် ကနဦး ရင်းနှီးမြှုပ်နှံမှု စတာလင်ပေါင် ၂ ဘီလီယံလောက်ထိ အသုံးချဖို့ပါ ပြင်ဆင်ထားတယ်လို့ မီဒီယာ တော်တော်များများက ဖော်ပြလာပါတယ်။ ဒီသတင်းဟာ ဂလေဇာတွေကို စိတ်ကုန်နေပြီး မန်နေဂျာ အဲရစ်တန်ဟက်ဂ်ရဲ့ ပြုပြင်ပြောင်းလဲရေး စီမံကိန်းတွေအတွက် ငွေကြေးအလုံးအရင်း မြှုပ်နှံပေးစေချင်နေတဲ့ ယူနိုက်တက် ပရိသတ်တွေအတွက် စိတ်အား တက်ကြွစရာ ဖြစ်လာပါတယ်။
ယူနိုက်တက်ကို ဗြိတိန်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သူ ဆာဂျင်မ် ရက်ကလစ်ဖ်ကလည်း ဝယ်ယူဖို့ ကြိုးစားနေပေမယ့် ကာတာ သူဌေးတွေကတော့ သူတို့ဟာ ဘယ်လို ပြိုင်ဆိုင်မှုကိုမဆို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ချက် အပြည့်ရှိနေကြောင်း သတင်းတွေက ဆိုပါတယ်။ ရက်ကလစ်ဖ်ဟာ ဘဝတလျှောက်လုံး ယူနိုက်တက်ကို အမာခံ အားပေးလာတဲ့ ပရိသတ် တစ်ဦးပါ။
ကာတာဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို အောင်အောင်မြင်မြင် လက်ခံ ကျင်းပနိုင်ခဲ့တဲ့နောက် နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ ဘောလုံး အားကစားမှာ ပိုမို ရင်းနှီးမြှုပ်နှံဖို့ တက်ကြွလာခဲ့ပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကာတာဖက်က တရားဝင် ကမ်းလှမ်းမှုဟာ ဖေဖော်ဝါရီ လလယ်လောက်မှာ အထမြောက်လာနိုင်ပြီး လပိုင်းအတွင်း လက်လွှဲ ဝယ်ယူမှု အပြီးသတ်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။