နေပြည်တော်ရှိ ကာလုံအစည်းအဝေးကျင်းပရာ ခန်းမထဲသို့ ကျားတစ်ပိုင်း-မတစ်ပိုင်းများ ဝင်ရောက်လာကာ ထိုင်ခုံကိုယ်စီတွင် နေရာယူလိုက်ကြသည်။
ကျားတစ်ပိုင်း-မတစ်ပိုင်းဟူ၍ မည်သို့သောသတ္တဝါဆန်းများပါလိမ့်ဟု စာရှုသူမိတ်ဆွေများ ပဟေဠိပွားသွားကြမည် ထင်သည်။ အပေါ်ပိုင်းတွင် တိုက်ပုံဝတ်ကာ အောက်တွင် ချိတ်ထဘီကို ဆင်မြန်းလာသော လူယောကျ်ားကြီးများကို ဆိုလိုခြင်းဖြစ်၏။
ထိုသို့သော ကျားတစ်ပိုင်း-မတစ်ပိုင်းကြီးများကြား နေရာယူလာသူများထဲတွင် လူသတ်အမှတ်တံဆိပ်၊ မုဒိမ်းကျင့် အမှတ်တံဆိပ်၊ အိမ်မီးရှို့အမှတ်တံဆိပ်၊ ပလာတာလုအမှတ်တံဆိပ်၊ ခိုးဆိုးလုနှိုက်အမှတ်တံဆိပ်တို့ပါသည့် အကြမ်း ဖက်ယူနီဖောင်းကို ကျကျနနဝတ်ဆင်ထားသူများလည်း ပါလာသည်။
ထိုသူများမှာ သတ်မတော်ကာကွယ်ရေးဦးစီးချုပ် (သတ်ချုပ်) ဗိုလ်ချုပ်မှူးကြီးမအလအမှူးရှိသော သတ်မတော် သားများပင်ဖြစ်သည်။ ယနေ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းထဲတွင် ထိုသူတို့ နေရာတိုင်း ဝင်ပါနေသည်ကတော့ ထူးဆန်းအံ့သြဖွယ်ရာမဟုတ်တော့ပေ။ ထိုင်ခုံရှိ၊ နေရာရှိ၊ စားပေါက်ရှိက ထိုကဲ့သို့သော အကြမ်းဖက်ယူနီဖောင်း ဝတ် သတ်မတော်သားများ ရှိနေမည်မှာ မလွဲဧကန်ပင်။
အနှီသတ်ချုပ်နှင့်အတူ ဒုတိယသတ်မတော်ကာကွယ်ရေးဦးစီးချုပ် (ဒုသတ်ချုပ်) ဒုတိယဗိုလ်ချုပ်မှူးကြီး လက်ဖက် ခြောက်လည်း ပါလာသည်။ သူတို့နှစ်ဦးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နိုင်ငံ့အာဏာကို မတရားရ ယူသိမ်းပိုက်ပြီးကတည်းက တစ်ပူးတွဲတွဲမခွဲတမ်းရှိနေခဲ့ကြသည်။ ချစ်လွန်း၍တော့မဟုတ် တစ်ယောက်ကို တစ်ယောက် စိတ်မချသဖြင့် မျက်စိအောက်က အပျောက်မခံကြခြင်းဖြစ်သည်။
ထိုသူတို့နှစ်ဦးနေရာယူထားသည့်နောက်နားဆီတွင် လက်တိုလက်တောင်းခိုင်းရန် ခေါ်ထားသည့် ၎င်းတို့၏ အောက်ဆွဲ အာ့ကျကျဇော်မဲလုံးလေးသည်လည်း ထိုအကြမ်းဖက်ယူနီဖောင်းကို ဝတ်ဆင်ထားလျက်ပင် ထိုင်ခုံ တစ်လုံးပေါ်၌ ခပ်ကုပ်ကုပ်နေရာယူထိုင်နေ၏။
ယခုကဲ့သို့ ကျားတစ်ပိုင်း-မတစ်ပိုင်းနှင့် အကြမ်းဖက်တို့အစုအဖွဲ့ ထိုခန်းမအတွင်း လာရောက်စုဝေးကြခြင်းသည် မတရားသဖြင့် ရယူသိမ်းပိုက်ထားခဲ့သော နိုင်ငံ့အာဏာသက်တမ်းအား ထပ်မံဆွဲဆန့်လိုသဖြင့် လုပ်ဇာတ်ခင်းကြ ရန် ရောက်လာခဲ့ကြခြင်းဖြစ်သည်။
အစည်းအဝေးစသည်နှင့် ဦးစွာပထမ သတ်မတော်ကာကွယ်ရေးဦးစီးချုပ် (သတ်ချုပ်) ဗိုလ်ချုပ်မှူးကြီးမအလက အတုသမ္မတ၊ ယောင်ပြသမ္မတညစ်ဆွေထံ နိုင်ငံ့အခြေအနေအရပ်ရပ်နှင့်ပတ်သက်ပြီး အောက်ပါအတိုင်း အစီရင်ခံ လိုက်သည်။
“ဝုတ် … ဝုတ် … ဝုတ်ဝုတ်ဝုတ် … ဝုတ်ဝုတ်”
ထိုသို့ သတ်ချုပ်မအလက ညစ်ဆွေထံ အစီရင်ခံပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဆိုသူ ဦးတီသာပေါင်းက မတ်တတ်ရပ်ကာ အောက်ပါအတိုင်း အကြံပြုသည်။
“ဝုတ် … ဝုတ်ဝုတ် … ဝုတ်ဝုတ်ဝုတ်…ဝုတ်…ဝုတ်”
ထိုသို့ ဦးတီသာပေါင်း အကြံပြုဆွေးနွေးပြီးနောက် ဒုသတ်ချုပ်လက်ဖက်ခြောက်က သတ်ချုပ်မအလ၏ တင်ပြချက် အပေါ် အောက်ပါအတိုင်း ထောက်ခံဆွေးနွေးလိုက်သည်။
“ဝုတ်ဝုတ် … ဝုတ်ဝုတ်ဝုတ် … ဝုတ် … ဝုတ်”
ထို့နောက် ကာလုံအဖွဲ့ဝင်ဆိုသူအသီးသီးကလည်း တစ်ဦးချင်းစီအလိုက် တဝုတ်ဝုတ်ဖြင့် ထောက်ခံဆွေးနွေးသွား ကြပြန်သည်။ ထိုသူတို့အထဲတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝက်နာမောင်လွင်လည်းပါဝင်ရာ သူသည်လည်း အောက် ပါအတိုင်း ထောက်ခံဆွေးနွေးပြန်သည်။
“ဝုတ် … အု … အု … အာဝု … ဝုတ် … ဝုတ်”
သူသည် နိုင်ငံခြားရေးဝန်ကြီးပီပီ အခြားသူများထက် ဘာသာစကားကို ပိုလို့ ကျွမ်းကျင်စွာ သုံးနှုန်းထောက်ခံ သွားသည်ကို တွေ့ရသည်။ သူတို့ဘာသာစကားကို ကိုရင်လည်း နားလည်သည်တော့မဟုတ်။ အသံထွက်ကွဲပြား နေခြင်းအပေါ် နားစွင့်ကာ ကောက်ချက်ချရခြင်းသာဖြစ်သည်။ (အတိအကျသိလိုပါက နီးရာလမ်းဘေးခွေးများထံ အသံထွက်ပြ၍ မေးမြန်းကြည့်ကြစေလို။)
ထို့နောက် အထူးဖိတ်ကြားထားသူများကလည်း သတ်ချုပ်မအလ၏ တင်ပြဆွေးနွေးချက်အပေါ် အထက်ပါအတိုင်း တဝုတ်ဝုတ်ဖြင့် တညီတညာတည်း ထောက်ခံသွားကြပြန်သည်။ ထိုသို့ဖြင့် အတုသမ္မတ၊ ယောင်ပြသမ္မတ ညစ်ဆွေ ဘက်မှ အဆုံးအဖြတ်ပေးရမည့်အချိန်သို့ ရောက်လာခဲ့သည်။
ထိုအချိန်တွင် Money Drop အစီအစဉ်ထဲကလို ခြောက်ခြားစေသည့်နောက်ခံတီးလုံးသံ၊ ရင်ခုန်မြန်စေသည့် တီးလုံး သံများလည်းထွက်မလာသလို အဖြေကို စောင့်စားနေကြသည့် ကာလုံအဖွဲ့ဝင်ဆိုသူတို့လည်း တလှပ်လှပ်ရင်ခုန်နေ မည် မဟုတ်ပါ။ အကြောင်းမူကား အဖြေကို အားလုံးသိထားပြီးဖြစ်တာကြောင့်မို့ပါ။ မစခင်က ဆုံးနှင့်သည်ဆို သကဲ့သို့ ပွဲမစခင်ကတည်းက ဒီအဖြေကို ပေးရမည်ဖြစ်ကြောင်း ဇာတ်တိုက်ကာ လုပ်ဇာတ်ခင်းထားပြီးဖြစ်တာ ကြောင့် ဖြစ်၏။
ညစ်ဆွေသည် ထိုင်ခုံတွင် ထိုင်နေရာမှ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။ ဒီတစ်ကြိမ် ညစ်ဆွေကို ကြည့်ရ သည်မှာ တော်တော်လေး မကျန်းမမာရှိနေပုံရသည်။ ပါးချောင်၊ နားချောင်တွေကျကာ ဥပဓိရုပ်လည်း မရှိသ လောက်ရုပ်ပျက်ဆင်းပျက်ဟုဆိုရမည်။ မတ်တပ်ရပ်ထားသော်လည်း ခါးသည် အလွန်ကိုင်းနေရှာသည်။ အဘိုးကြီး အို ခါးကုန်းကုန်းဆိုသည်ထက်ပင် ကုန်းသေးတော့သည်။ ထိုသို့ကုန်းကုန်းကွကွဖြစ်နေသောအနေအထားနှင့်ပင် ညစ်ဆွေသည် သူပြောရမည့်စကားကို ပြော၏။ သူပြောရမည့်စကားဆိုသော်လည်း ထိုစကားသည် သတ်ချုပ် မအလ နှုတ်တိုက်ချပေးထားသော စကားဖြစ်သည်။
“ဝုတ်”
ညစ်ဆွေပြောရမည့်စကားသည် ထိုတစ်လုံးတည်းသာဖြစ်သည်။ ထို့ထက်ပို၍လည်း ပြောခွင့်ဆိုခွင့် သူ့တွင်မရှိ။
ထိုတစ်လုံးတည်းသောစကားကို ပြောပြီးနောက် ခေါင်းတစ်ချက်ညိတ်ကာ ထိုင်ခုံပေါ်သို့ ဖြည်းညင်းစွာ ဖင်ထိုင်ချ လိုက်သည်။
ယခုတော့ သာမန်မဟုတ်သော ကာလုံအစည်းအဝေးကြီး ပြီးဆုံးလေပြီ။ အစည်းအဝေးပြီးသည်နှင့် အတုသမ္မတ၊ ယောင်ပြသမ္မတဦးညစ်ဆွေက ဦးစွာထိုင်ခုံမှထကာ ပြန်ရန် ခြေလှမ်းပြင်လိုက်သည်။ ရှေ့ကနည်းတူ ဖြည်းဖြည်း နှေးနှေးသာ လှုပ်ရှားနိုင်သည်။ သူ၏နောက်မှ သတ်ချုပ်၊ ဒုသတ်ချုပ်နှင့်အခြားသော တက်ရောက်လာသူတို့ အသီးသီးစီတန်းကာ ခန်းမအပြင်သို့ ထွက်ခွာကြသည်။
သူတို့ ခန်းမအား ကျောခိုင်းထွက်ခွာသွားမှ သူတို့၏ နောက်ကျောဘက်ကို တွေ့မြင်ရသည်။ သူတို့၏ နောက်ကျော ဘက် ပုဆိုးကြား၊ အကြမ်းဖက်ယူနီဖောင်း ဘောင်းဘီများကြားမှ တနှံ့နှံ့တလှုပ်လှုပ်ဖြင့် ရမ်းခါနေသည့်အမြီးများ ကို တွေ့လိုက်ရသည်။
သြော်…အစည်းအဝေးထဲက တင်ပြသံ၊ အကြံပြုသံ၊ ထောက်ခံဆွေးနွေးသံ၊ အဆုံးအဖြတ်ပေးသံများ ကြားပြီး နောက် ယခုကျောဘက်ကနေ အမြီးများပါ မြင်ခွင့်ရပြီးသကာလတွင် သင်းတို့ဘက်က “သာမန်မဟုတ်သော အခြေအနေ” ဆိုသည့်အကြောင်းပြချက်အပေါ် ကိုရင်တို့ ကောင်းကောင်းကြီး နားလည်သဘောပေါက်မိတော့ သည်တမုံ့။