မော်လမြိုင်မှာ စစ်တပ်လုံးဝအုပ်ချုပ်ခွင့်မရဘူးဆိုတာ သတိပေးတဲ့အနေနဲ့ ရဲဝန်ထမ်းလိုင်းခန်းကို PDFဗုံးခွဲ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကဖက်တန်းရပ်ကွက်မှာရှိတဲ့ရဲဝန်ထမ်းလိုင်းခန်းကို ဖေဖော်ဝါရီလ ၅ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်ပြီး သတိပေးလိုက်တယ်လို့ တိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့တဲ့ အဖွဲ့တွေဆီကသိရပါတယ်။

‘’စစ်ကောင်စီတွေအနေနဲ့ မော်လမြိုင်မှာ လုံးဝအုပ်ချုပ်ခွင့်မရစေရဘူးဆိုတာကို သတိပေးဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့လည်း အန္တရာယ်ကင်းကင်းနဲ့ဆုတ်ခွာနိုင်ခဲ့ပါတယ်’’ လို့ တိုက်ခိုက်ရာမှာပါဝင်တဲ့ ဇာမဏီပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ဗိုလ်ဆင်ရိုင်းကDNA ကိုပြောပါတယ်။

အဲဒီသတိပေးတိုက်ခိုက်မှုကို ဒေါနဒရန်ဂွန် Force ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့နဲ့ကမ်းရိုးတန်းကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း ပြုလုပ်ခဲ့တာလို့လည်း သိရပါတယ်။

တိုက်ခိုက်မှုဟာ သတိပေးရုံဆောင်ရွက်တာဖြစ်လို့ လူအထိအခိုက်မရှိပေမယ့် ရဲလိုင်းခန်းအနီးမှာရပ်ထားတဲ့ ကားတစီးကတော့ပျက်စီးသွားပြီး အဲဒီနေ့ကစပြီး ရဲလိုင်းခန်းအနီးတဝိုက်နဲ့ ဖက်တန်းရပ်ကွက်တခုလုံးကို စစ်တပ်နဲ့ရဲက ဖြတ်သန်းခွင့်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

‘’ဗုံးပေါက်တဲ့အသံကြားပြီးတော့ ဒီနေ့အထိ ရဲဝန်းအနီးဘက်နဲ့ ရပ်ကွက်ဘက်ကို လမ်းပိတ်ထားတယ်။ တခါတလေဆိုင်ကယ်တွေကိုစစ်တာတို့လုပ်တယ်လို့’’ လုံခြုံရေးအရ အမည်မဖော်လိုသူဒေသခံတဦးကပြောပါတယ်။

ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရတဲ့ အဲဒီရဲလိုင်းခန်းဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လကနေ ဒီကနေ့အထိ ဆယ်ကြိမ်ထက်မနည်းတိုက်ခိုက်ခံထားရပြီး ဒေသခံငါးဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

မော်လမြိုင်မြို့မှာ ၂၀၂၁ ခုနှစ်စစ်တပ်ကအာဏာသိမ်းအပြီးမှာPDF တပ်ဖွဲ့တွေက  မြို့ပေါ်ရဲစခန်းအချို့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံး၊ ပြည်နယ်လွှတ်တော်ရုံးဝန်းဂိတ်နဲ့ စရဖရုံးဗုံးခွဲတိုက်ခိုက်မှု၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးဒရုန်းနဲ့တိုက်ခံရမှုတွေဖြစ်ခဲ့သလို အုပ်ချုပ်ရေးမှူးရဲ့သားတဦးနဲ့ သတင်းပေးတဦးကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေမှာ စစ်တပ်နဲ့ရဲ ၁၃ ဦးနဲ့ ဒေသခံပျောက်ကြားတဦးထိခိုက်သေဆုံးခဲ့သလို ငါးဦးဖမ်းဆီးခံခဲ့ရပါတယ်။