တူရကီ ငလျင်ကြောင့် အသေအပျောက်က လက်ရှိထက် ၈ ဆလောက် တိုးလာနိုင်တယ်လို့ WHO သတိပေး

တူရကီမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေကြောင့် သေဆုံးသူ အရေအတွက်ဟာ လက်ရှိထက် ရှစ်ဆလောက် တိုးသွားနိုင်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး (WHO)က သတိပေးခဲ့ပါတယ်။

 ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းက တူရကီနဲ့ ဆီးရီးယား နယ်စပ်နားက ဂါဇီယန်တပ်မြို့မှာ ရစ်ချ်တာစကေး ၇.၈ အဆင့် ငလျင်ကြီး လှုပ်ခတ်ခဲ့တာကြောင့် နှစ်နိုင်ငံလုံးမှာ ထိခိုက် ပျက်စီးမှုတွေနဲ့ အသေအပျောက်တွေ အများအပြား ကြုံတွေ့ခဲ့ရပါတယ်။ နောက်ထပ် ၁၂ နာရီလောက် အကြာမှာတော့ ပထမ ငလျင်ကြီးရဲ့ မြောက်ဖက်နားမှာ ရစ်ချ်တာစကေး ၇.၄ အဆင့် ဒုတိယ ငလျင်တစ်ခု ထပ်လှုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် အဲဒီ ငလျင်ကြီး နှစ်ခုလောက် မပြင်းထန်တဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း အကြိမ်ကြိမ် လှုပ်ခတ်နေတာကြောင့် ကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေဟာ သတိကြီးကြီးနဲ့ အလုပ် လုပ်နေရပါတယ်။

 အခုဆိုရင် ငလျင်ကြောင့် ဆီးရီးယားနဲ့ တူရကီမှာ သေဆုံးသူ စုစုပေါင်း ၄၀၀၀ ကျော်ထိ များပြားလာနေပြီ ဖြစ်ပါတယ်။ သေဆုံးသူ အရေအတွက် ၃၄၀၀ လောက် အတည်ပြုနိုင်တဲ့ အချိန်တုန်းက WHOဟာ အသေအပျောက်စာရင်း ၈ ဆလောက်ထိ များပြားသွားနိုင်တယ်လို့ သတိပေးခဲ့တာပါ။

 ပထမ ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၂၄ နာရီကျော် ကြာမြင့်လာပြီ ဖြစ်ပေမယ့်လည်း လက်ရှိ အချိန်ထိ အပျက်အစီးပုံတွေအောက်မှာ အသက်ရှင်လျက်၊ ဒါမှမဟုတ် သေဆုံးလျက် ပိတ်မိနေသူ အများအပြား ကျန်နေဆဲ ဖြစ်ပါတယ်။ ဆေးရုံတင်ပို့ထားသူ ထောင်ပေါင်းများစွာထဲမှာလည်း ဒဏ်ရာပြင်းထန်ပြီး အခြေအနေ စိုးရိမ်ရသူ အများအပြား ပါဝင်နေပါတယ်။

 အသေအပျောက်နဲ့ ဒဏ်ရာရသူ စာရင်းဟာ တူရကီမှာရော၊ ဆီးရီးယားမှာပါ မိနစ်နဲ့အမျှ ပြောင်းလဲ မြင့်တက်နေပြီး အခြေအနေ ဘယ်လောက်ထိ ဆိုးမလဲဆိုတာ ခန့်မှန်းလို့ မရသေးပါဘူး။

 ငလျင်ကြီးတွေနဲ့ ပတ်သက်ရင် တူညီတဲ့ အခြေအနေ တစ်ခုကို ထပ်ဖန်တလဲလဲ ကြုံခဲ့ဖူးကြောင်း၊ အစောပိုင်း ကြေညာတဲ့ အသေအပျောက် စာရင်းတွေနဲ့ ယှဉ်ရင် တစ်ပတ်လောက် အကြာမှာ ကိန်းဂဏန်းတွေက အဆပေါင်း တော်တော်များများ ပိုသွားလေ့ရှိကြောင်း WHOရဲ့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေးဌာန၊ ဥရောပ ဌာနခွဲ အကြီးတန်း အရာရှိ ကက်သရင်း စမောလ်ဝုဒ်က ပြောပါတယ်။

 ငလျင်ကြောင့် ထိခိုက်ပြိုကျကုန်တဲ့ အဆောက်အအုံတွေထဲမှာ နှစ်ပေါင်း ၂၀၀၀ ကျော် တည်တံ့ခဲ့တဲ့ ဂါဇီယန်တပ် ရဲတိုက်ကြီးလို သမိုင်းဝင် အမွေအနှစ်တွေလည်း ပါသွားခဲ့ပါတယ်။ ဆီးရီးယားဖက်ခြမ်းမှာ ဆိုရင်လည်း ပြည်တွင်းစစ်ဒဏ် အလူးအလဲ ခံခဲ့ရဖူးပြီး ယဲ့ယဲ့သာကျန်တဲ့ အေလက်ပို ရှေးမြို့ဟောင်းမှာလည်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ပြန်ပါတယ်။

 ဆေးရုံမှာ လူနာတွေ အရမ်းများပြားပြီး သွေးမလုံလောက်တာကြောင့် ပြည်သူတွေကို ကူညီ သွေးလှူဒါန်းကြဖို့ တူရကီ လခြမ်းနီ အသင်းက လိုက်လံ နှိုးဆော် မေတ္တာရပ်ခံနေပါတယ်။ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီ ဂူတာရက်စ်ကလည်း ငလျင်ဒဏ်ကြောင့် လူသားချင်း စာနာမှု အရေးပေါ် ထောက်ပံ့မှုတွေ လိုအပ်နေတဲ့ တူရကီနဲ့ ဆီးရီးယား မိသားစုပေါင်း များစွာကို ဝိုင်းဝန်း ကူညီပေးကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းထားကြောင်း သိရပါတယ်။