စစ်အုပ်စုလက်အောက်ခံဂျာယန်ပြည်သူ့စစ်က ဖမ်းဆီးသွားတဲ့ တအာင်းလူမျိုးတရာကျော်ထဲ အသက် ၈နှစ်အရွယ်ကလေးတွေပါဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော်ဒေသမှာ စစ်တပ်လက်အောက်ခံ ဂျာယန်းပြည်သူ့စစ်က တပ်သားစုဆောင်းရန် ခေါ်ယူထားတဲ့ တအာင်းလူမျိုး ၁၂၇ဦးထဲမှာ အသက်မပြည့်သေးတဲ့ အသက် ၈နှစ်အရွယ် ကလေးငယ်တွေပါဝင်တယ်လို့ TNLA ကထုတ်ပြန်လာပါတယ်။

ဖမ်းဆီးသွားသူတွေထဲမှာ အသက် ၈နှစ်အရွယ်ကနေ ၁၇နှစ်အရွယ် အထိ အယောက် ၂၀  ၊ အသက်(၁၈) နှစ်ကနေ (၆၅) နှစ် အရွယ် (၁၀၇)ဦး၊ အမျိုးသား ၁၁၂ ဦး နဲ့ အမျိုးသမီး ၁၅ ဦးပါဝင်ပြီး အားလုံးကို ကယ်ထုတ်နိုင်ခဲ့တဲ့အကြောင်း TNLA က ဓါတ်ပုံမှတ်တမ်းတွေနဲ့ တကွ ဖေဖော်ဝါရီ ၆ ရက်နေ့ကထုတ်ပြန်လာပါတယ်။

ဒီလ ဖေဖော်ဝါရီ ၄ ရက် မနက် ၄ နာရီလောက်မှာ TNLA တပ်မဟာ (၇)တပ်ဖွဲ့က အင်အား ၅၀၀ လောက် အသုံးပြုပြီး ဂျာယန်ပြည်သူစစ် စခန်းသို့ ဝင်ရောက်စီးနင်းခဲ့က ပြည်သူစစ်တပ်ဖွဲ့ထဲ အတင်းအဓမ္မ သိမ်းသွင်းခေါ် ယူထားတဲ့ တအောင်း( ရူစိင်) အမျိုးသား ၁၁၂ ဦး၊ အမျိုးသမီး ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

အဲဒီလိုသွားရောက်ခေါ်ယူရာမှာလည်း စစ်ကောင်စီက ပြည်သူ့စစ်ဘက်မှ လေကြောင်းနဲ့ ၃ ကြိမ်လာရောက် ပစ်ကူပေးခဲ့ရာ ဗုံး ၃၀ ကျော် ကြဲချခဲ့တယ်လို့ TNLA ကထုတ်ပြန်ပြောဆိုထားပါတယ်။

” TNLA သာမရှိရင် ကျနော်တို့ တအာင်းလူမျိုးနဲ့ ကလေးတွေရဲ့ အနာဂတ်ကစိုးရိမ်ဖို့ အရမ်းကောင်းတယ်။ ဒါတောင်တခြားနေရာက ပြည်သူစစ်အဖွဲ့တွေမှာ တအာင်းလူမျိုးတွေရှိနေသေးတယ် ” လို့ TNLA နဲ့ နီးစပ်သူ တဦးကဆိုပါတယ်။

မိုင်းယော်တိုက်နယ်အတွင်းမှာ နေထိုင်ကြတဲ့ တအာင်းလူမျိုးတွေဖြစ်တဲ့(ရူစိင်းမျိုးနွယ်စု)တွေကို ငွေပေးသိမ်းသွင်းပြီး အတင်းအဓမ္မခေါ်ဆောင် စစ်မှုထမ်းစေသလို မူဆယ်မြို့နှင့်အခြားသောနေရာများရှိ စစ်အုပ်စု လက်အောက်ခံ  ပြည်သူ့စစ်အဖွဲ့ပေါင်းစုံထဲတွင် အဓမ္မဖမ်းဆီးခံတအောင်းလူမျိုးများရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။